ဟာနာဆန်၊ရဲခေါင်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး နှစ်ကြိမ်မြောက်ထွက်ပြေးပြီးနောက် အလင်းဝင်လာကြောင်း Earthquake People`s Defence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ပခုက္ကူမြို့မရဲစခန်းမှ (၃၁)နှစ်အရွယ် ရဲတပ်သား အောင်ဗိုလ်မင်းသည် ယမန်နေ့ (အောက်တိုဘာ၉ရက်) နံနက် ၁၁နာရီက ကျည်များယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း Earthquake People`s Defence Force အဖွဲ့မှ ရဲဘော်အရှည်ကြီးက ပြောသည်။
“သူက အရင်တခေါက်က သေနတ်နဲ့ပြေးတာ အဖမ်းခံထားရတာ။ အခုပြန်လွတ်ပြီး ချိတ်ပြီး ဝင်လာတာပါ။ မိသားစုအဆင်မပြေမှုတွေနဲ့ ဖိနိပ်မှုတွေ အများကြီး အလုပ်ခံခဲ့ရတာလို့ ပြောပါတယ်။ နောက်ပြီး အဲ့ပတ်ဝန်းကျင်မှာ မနေချင်တော့လို့အချိန်တိုင်း ကြိုးစားနေတယ်လို့လဲပြောပါတယ်။”ဟု ရဲဘော်အရှည်ကြီးက ရှင်းပြသည်။
အဆိုပါရဲတပ်သားသည် ရဲဝန်ထမ်းလုပ်သက် (၇)နှစ်ရှိပြီး မုံရွာမြို့၌ တာဝန်ကျခဲ့ကာ ပခုက္ကူမြို့ရောက်သည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသူများအား နွေးထွေးစွာကြိုဆိုပြီး သက်ဆိုင်သည့်လုံခြုံသောနေရာအားအသက်အာမခံချက်အပြည့်ဖြင့်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပခုက္ကူမြို့ပေါ် စခန်းအသီးသီးမှ စစ်ကောင်စီဘက်တော်သားများအနေဖြင့် ပြည်သူလူထုအပေါ် လူမဆန်ဘဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသော စစ်တပ်အား အမြန်စွန့်ခွာ၍ အသက်အသေမခံဘဲ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဟု Earthquake People`s Defence Force အဖွဲ့က ထုတ်ပြန်ထားသည်။
ပခုက္ကူမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၅ရက်က ခလရ (၂၅၂)တပ်မှ တပ်သား ၂ ဦး၊ ဇူလိုင် ၂၉ ရက်က ပြည်သူ့စစ်တစ်ဦး၊ ဇူလိုင် ၂၀ ရက်က စစ်ကောင်စီအရာရှိတစ်ဦး၊ စက်တင်ဘာ ၆ ရက်တွင် တပ်မ(၁၀၁)မှ စစ်သားတစ်ဦး နှင့် စက်တင်ဘာ ၂၃ရက်ကလည်း ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းမှ ရဲတပ်သားတစ်ဦးတို့သည် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာခဲ့သည်။
ပခုက္ကူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် သြဂုတ်၂၁ရက်က ကိုင်းတောမကျေးရွာအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးပြီး ဒုတပ်ကြပ်၂ဦးအပါအဝင် ၅ဦးအား စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင်လက်နက်မျိုးစုံ ၁၉ လက်နှင့်ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိခဲ့သည်။