close
Connect with us

Hi, what are you looking for?

ဆောင်းပါး

မြင်းခြံက ကြယ်ဖြူတပွင့်

တော်သလင်းနေ ပုဇွန်သေတဲ့။ တော်သလင်းလပြည့်ကျော် ၃ ရက်နေ့ မနက်ပိုင်းပဲ ရှိသေးပေမဲ့ အပူဒဏ်က အိုက်စက်လောင်မြိုက်နေတယ်။အပူဒဏ်ကြားမှာပဲ မြင်းခြံနယ်အတွင်းက ကျေးရွာတစ်ရွာမှာ နာရေးတစ်ခုကို လိုက်ပါပို့ဆောင်နေကြတယ်။

Scorpio/People’s Spring

တော်သလင်းနေ ပုဇွန်သေတဲ့။ တော်သလင်းလပြည့်ကျော် ၃ ရက်နေ့ မနက်ပိုင်းပဲ ရှိသေးပေမဲ့ အပူဒဏ်က အိုက်စက်လောင်မြိုက်နေတယ်။အပူဒဏ်ကြားမှာပဲ မြင်းခြံနယ်အတွင်းက ကျေးရွာတစ်ရွာမှာ နာရေးတစ်ခုကို လိုက်ပါပို့ဆောင်နေကြတယ်။

ပြောက်ကျားဝတ် PDF ရဲဘော်တွေပါတယ်။ သက်ကြီးရွယ်အိုလူကြီးတွေ၊ လူငယ်လူလတ်တွေလည်းပါတယ်။ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူတွေလည်းပါတယ်။ အသက်အရွယ်မတူကြပေမယ့် တူကြတာတစ်ခုတော့ရှိတယ်။ သူတို့ တူညီစွာ စိတ်ထိခိုက်နေကြတာပါပဲ။

Public Service Announcement

Public Service Announcement

နာရေးလိုက်ပို့သူတွေဟာ အပူဒဏ်ကို မမှုကြပါဘူး။ လက်ရှိ သူတို့ခံစားနေရတဲ့ ရင်ထဲကအပူလောက် တော်သလင်းနေက မီမယ်မထင်ပါဘူး။

စိတ်နှလုံး​ညှိုးခြုံးနေကြသူတွေဟာ ကိုလှမျိုးကျော်(ခ) ကိုအီးတီရဲ့ နာရေးကို လိုက်ပါပို့ဆောင်နေကြတာပါ။ ကိုအီးတီဟာ မြင်းခြံခရိုင်ပကဖအဖွဲ့ရဲ့ ဒုတာဝန်ခံတစ်ယောက်ပါ။ ကိုအီးတီဆိုတာနဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း တိုင်း၃တိုင်းက ပြည်သူတွေသိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုအီးတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကိုအီးတီအပါအဝင် ၅ဦးပို ဖမ်းဆီးသတ်ဖြတ်သွားခဲ့ပါတယ်။

မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီကို လက်နက်ကိုင်ပြန်လည်ခုခံတော်လှန်ရင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ခေါင်းဆောင် တစ်ယောက် ကျဆုံးသွားတယ်ဆိုတာ မြန်မာပြည်မှာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် ကိုလှမျိုးကျော်(ခ)ကိုအီးတီဟာ နွေဦးတော်လှန်ရေးမှာ PDFတစ်ယောက်ရဲ့ တာဝန်ထက် ပိုတဲ့ တာဝန်တွေ ထမ်းဆောင်သွားခဲ့သူလို့ သူနဲ့သိကျွမ်းဖူးသူ နိုင်ငံရေးသမား တော်လှန်ရေးသမားတွေက တညီတညွတ်တည်း ပြောပါတယ်။

အသက်ရှိစဥ်က သ​ပြေခက်နဲ့အတူ​တွေ့ရတဲ့ ကိုလှမျိုးကျော်။ ဓါတ်ပုံ- မြင်းခြံခရိုင်ပကဖ

ကိုလှမျိုးကျော်(ခ)ကိုအီးတီဟာ လူအခွင့်အရေးလှုပ်ရှားမှုတွေကို သူ့အသက် ၂၉ နှစ်အရွယ်ကတည်းက စစ်တပ်က အုပ်ချုပ်ထားတဲ့ ၂၀၀၆ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့တယ်။ အမေရိကန်စင်တာမှာ လူအခွင့်အရေးသင်တန်းတက်ခဲ့တယ်။

စစ်တပ်က ဖိနှိပ်အုပ်ချုပ်နေချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အဖြူရောင်ဝတ်ပြုကမ်ပိန်းတွေလုပ်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဦးဆောင်သံဃာတွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။ နာဂစ်ဥပဒေလို့ခေါ်ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ မထောက်ခံဖို့ Vote No / No Vote ကမ်ပိန်းလုပ်ခဲ့တယ်။

ကိုလှမျိုးကျော်ဟာ သူ့ရှေ့က နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ ​မျိုးဆက်ကျောင်းသားတွေကို အားကျယုံကြည်ပြီး တွဲဆက်အလုပ်လုပ်ခဲ့တယ်။ မြင်းခြံမြေလတ်နိုင်ငံရေးအင်အားစုမှာပါဝင်ပြီး မြေအောက်တာဝန်တွေယူလုပ်ခဲ့တယ်လို့ မြင်းခြံခရိုင်က နိုင်ငံရေးသမားတွေက ပြောပါတယ်။

အဲဒီလုပ်ရပ်တွေကြောင့် စစ်တပ်ကသူ့ကို ၂၀၀၉ ခုနှစ်မှာထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့တယ်။ ဦးသိန်းစိန်တက်ပြီး ထောင်ကလွတ်တော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ နွားထိုးကြီးမြို့နယ်မှာ လူထုကိုစည်းရုံးရေးဆင်းပေးတယ်။

နိုင်ငံရေးသင်တန်းဆက်တက်တယ်။ လွှတ်တော်လေ့လာစောင့်ကြည့်ရေး​တွေကိုတက်ကြွစွာလုပ်ခဲ့တယ်။ NLDပါတီစည်းရုံးရေးတွေမှာ လိုက်ပါကူညီတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြန်တော့ မြင်းခြံလူထုကို ဦးဆောင်ပြီးသပိတ်မှောက်တယ်။ အဲဒီမှာပဲ စစ်ကောင်စီက သူ့ကို နိုင်ငံ​တော်မတည်မငြိမ်ဖြစ်​အောင်လှုံ့​ဆော်မှုဆိုတဲ့ (ပုဒ်မ (၅၀၅/ခ)တပ်၊ ဝရမ်းထုတ်လို့ တိမ်းရှောင်ခဲ့ရတယ်လို့ ​မြင်းခြံခရိုင်က နိုင်ငံရေးသမားတွေက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးတွေ စတင်လာချိန် ကိုလှမျိုးကျော်ကို မြင်းခြံခရိုင်ပကဖအဖွဲ့ရဲ့ ဒုတာဝန်ခံနေရာကိုပေးတယ်။ သူကမလိုချင်ဘူး။ သို့ပေမယ့်လိုအပ်ချက်အရ သူတာဝန်ယူပေးလိုက်ရတယ်လို့ မြင်းခြံခရိုင်က တော်လှန်ရေးသမားတွေက ပြောပါတယ်။

“ရာထူးမမက်ပေမဲ့ မြင်းခြံခရိုင်ပကဖတာဝန်ခံနေရာမှာ နေရာအတွက်မဟုတ် တော်လှန်ရေးအတွက်အလုပ်လုပ်တယ်။ နောက်ကျည် မကြောက်ပဲ ယုံကြည်ချက်အတိုင်း ပွင့်ပွင့်လင်းလင်းလုပ်တယ်။ အချင်းချင်းကြား အမှန်တရားကို ရှင်းရှင်းပြောတယ်။”လို့ မြင်းခြံက နိုင်ငံရေးသမား ဦးမင်းစစ်နိုင်က ပြောပါတယ်။

ပကဖမှာဒုတာဝန်ခံဆိုပေမယ့် သူကတိုက်တာ၊ခိုက်တာထက် လူထုအတွက် မြေပြင်ဆင်းရတာကို သူပိုသဘောကျပုံရတယ်။ မြင်းခြံတဖက်ကမ်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ရေစကြိုနဲ့ မြောင်နယ်မှာ လူထုအတွက် ပညာရေးကူညီပေးသလို စာသင်ပေးတယ်။ လူထုစည်းရုံးဟောပြောပေးတယ်။ စစ်ဘေးရှောင်တွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်မီးဘေးသင့်ပြည်သူတွေကို ချိတ်ဆက်ကူညီပေးတယ်။စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးကူညီတယ်လို့ တိုင်း၃တိုင်းက စစ်ရှောင်တွေက ပြောပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုအီးတီဟာ လူတွေသာမက နွားတွေကိုပါ စောင့်ရှောက်ပေးပါသတဲ့။

“နွားတွေအတွက်ပါ ကာကွယ်ဆေးရှာပေးတဲ့သူ”လို့ မြောင်ဒေသခံတစ်ဦးက ပြောပြတယ်။

ကိုလှမျိုးကျော်ရဲ့​ပြောစကားအုတ်ဂူ​​ပေါ်​ရေးသားဂုဏ်ပြုထားမှု။ ဓါတ်ပုံ- မြင်းခြံခရိုင်ပကဖ

ကိုအီးတီဟာ စစ်ကောင်စီကိုတော်လှန်နေတဲ့ကာလ ပညာတပိုင်းတစဖြစ်နေရရှာတဲ့ ကလေးတွေကိုလည်း ကြားကာလပညာသင်ကြားလို့ရအောင် သူကြိုးစားတယ်။ ဒါ့အပြင် ကွန်ပြူတာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေ ၊ GED သင်တန်းတွေကို ဖြစ်မြောက်အောင်ဆောင်ရွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကိုအီးတီဟာ စစ်ကောင်စီကို တော်လှန်နေတဲ့ များပြားလှတဲ့ တော်လှန်ရေး လက်နက်ကိုင်အချင်းချင်းကြားဖြစ်စေ၊ ပြည်သူနဲ့ လက်နက်ကိုင်အချင်းချင်းကြားဖြစ်စေ အကောင်းဆုံးဖြစ်အောင်ကူညီဆောင်ရွက်ပေးတယ်လို့ တော်လှန်ရေးသမားတွေက ပြောပါတယ်။

မျိုးဆက်သစ်ကို ချစ်တယ်။ ဗကပကိုချစ်တယ်။ ဗကသကိုချစ်တယ်။ လွတ်လပ်မှုကို ခုံမင်တယ်။

တော်လှန်ရေးငွေ၊ စစ်မီးဘေးသင့်ငွေ၊ စစ်ရှောင်ငွေတွေကိုလည်း ယောင်လို့မှ မတို့မထိဘူး။

“နိုင်ငံခြားက သူ့ညီမ ထောက်ပံ့တဲ့ လစဉ် သုံးသိန်းကျပ်နဲ့ သုံးတာ။”လို့ ကိုအီးတီရဲ့ တော်လှန်ရေးမိတ်ဆွေတစ်ဦးက ပြောပါတယ်။

ကိုအီးတီဟာ နေရပ်ကနေ တိမ်းရှောင်လာရတော့ ဆိုင်ကယ်တစ်စီးပါလာတယ်။ ဒါကိုလည်း လိုအပ်တဲ့သူကို လှူပစ်တယ်လို့ ကိုအီးတီမိတ်ဆွေတစ်ဦးက ပြောပါတယ်။ ကိုအီးတီဟာ အဝတ်တထည်ကိုယ်တစ်ခု ဆိုင်ကယ်အစုတ်နဲ့တော်လှန်ရေးဖြတ်သန်းခဲ့တယ်လို့ ဆိုတယ်။

“စစ်သုံ့ပန်းတွေကို မညှင်းဆဲဖို့ ၊ဒလန်ကိုမညှင်းဆဲဖို့ စည်းရုံးတယ် ဟောပြောတယ်။ သူကိုယ်တိုင်က ဘယ်သတ္တဝါမှ မသတ် မဖြတ်ခဲ့သလို လူအခွင့်အရေးလေးစားတယ်။”လို့ ဦးမင်းစစ်နိုင်က ပြောတယ်။

“သူက non-violent သမား စစ်စစ်ဖြစ်တယ်။ တရားမျှတမှုကို ခုံမင်တယ်။ တော်လှန်ရေးကို တရားရေး နှင့် ထိန်းမက်ချင်တယ်။”လို့ ဦးမင်းစစ်နိုင်က မှတ်ချက်ပြုတယ်။

ရိုးရိုးနေမြင်မြင့်ကြံ အမှန်တရားကို ရဲရဲပြောပြီး တော်လှန်ရေးထဲက အဖြူရောင်ကြယ်တပွင့် အသက် ၄၇ နှစ်အရွယ်မှာပဲ အာဏာလုစစ်​ကောင်စီရဲ့ စစ်သား​တွေရဲ့ သတ်ဖြတ်မှု​​ကြောင့်ကြွေသွားတယ်လို့ သူက ဆိုပါတယ်။

စစ်သုံ့ပန်းတွေကို မညှင်းဆဲဖို့ မသတ်ဖြတ်ဖို့ ပြောခဲ့ဟောခဲ့ဖူးတဲ့ ကိုအီးတီတစ်ယောက်၊ သူ့ကိုဖမ်းဆီးသွားတဲ့စစ်တပ်ကတော့ အချိန်မဆိုင်းဘဲ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုအီးတီဟာ လူချစ်လူခင်အင်မတန်များတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းသုံးတိုင်းမှာ ကိုအီးတီဆို ကလေးကအစသိကြတယ်။ တော်လှန်ဒေသတွေမှာ သူ့ကိုလေးစားတယ်။ ချစ်ခင်ကြတယ်။ ဒါကြောင့် တိုင်း ၃ တိုင်းလုံးမှာ သူ့အရိုးပြာဂူ ၃ လုံးကို တွေတည်ပေးဖို့ စီစဥ်နေကြတယ်လို့ မြင်းခြံခရိုင်က တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

နောက်ပြီး အီးတီဖောင်ဒေးရှင်းထောင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်း ၃ တိုင်းက ကလေးတွေအတွက် ပညာသင်ဆုပေးဖို့စီစဥ်ထားတယ်လို့ မြင်းခြံမြို့နယ်ပကဖတာဝန်ခံ ကိုစိုင်းဂျာက ပြောပါတယ်။

သူကျဆုံးတဲ့အချိန်မှာ ဆိုင်ကယ်အစုတ်တစ်စီး၊ ဖုန်းအစုတ်တစ်လုံး၊ အင်္ကျီ ၃ စုံသာ ကျန်ရစ်ခဲ့တယ်လို့ ကိုစိုင်းဂျာက ပြောတယ်။

“လုံးဝကို လောဘဒေါသမရှိတဲ့ ပုဂ္ဂိုလ်ပါ။”လို့ ကိုစိုင်းဂျာက လွမ်းဆွတ်စွာပြောပါတယ်။

မြင်းခြံမြို့က နိုင်ငံရေးအကျဥ်းသားဟောင်း ဦးမင်းစစ်နိုင်ကတော့ ကိုအီးတီကို ခုလိုတင်စားပါလိုက်ပါတယ်။

“အနင်းမခံ မြင်းခြံက ကြယ်ဖြူတပွင့်”တဲ့။ ။

ဆက်စပ်သတင်းများ

သတင်း

ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် စလင်းကန်လည်ဆရာတော်၏ ဓါတ်တော်စေတီတို့ပါ ထိမှန်ပျက်စီး

သတင်း

ချင်း​တွင်းမြစ်အထက်မှစုန်ဆင်းလာ​သောစစ်​ကောင်စီ​ရေယာဥ်အုပ်​ကြောင့် ကမ်း​ဘေး​ကျေးရွာများကိုပစ်ခတ်​နေခြင်းဖြစ်ဟုသိရ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာ စီးနင်းခံရမှုဖြစ်စဥ်အတွင်း ကျဆုံးခဲ့သည့် မြင်းခြံသပိတ်ခေါင်းဆောင်၊ မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဒုတိယတာဝန်ခံ ကိုလှမျိုးကျော် (ခ)ကိုအီးတီ၏ စျာပနအား ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် နွေဦးတော်လှန်ရေးအတွက် မြန်မာနိုင်ငံသားတစ်ဦး အစာအငတ်ခံဆန္ဒပြ၍ အလှူခံရာ နာရီပေါင်း ၂၆ နာရီကျော်(တစ်ရက်ကျော်)အကြာတွင် ကျပ်သိန်းတစ်ထောင်ပြည့်မြောက်ခဲ့သည်။

Facebook