ဟန်နွေ၊ ထားအိ/People’s Spring
စစ်ကောင်စီ၏ ထောင်ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ပါတီထောင်ရွေးကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။
သို့သော်စစ်အုပ်စုက လက်နက်အားကိုးဖြင့်အာဏာလု ပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်သဖြင့် ပေါ်ပေါက်ခဲ့သော နွေဦးတော်လှန်ရေးကို နိုင်ငံရေးပြသာနာ ဖြစ်၍ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးလိုပါကလည်း နည်းလမ်းရှိသည်။ ထိုနည်းလမ်းမှာ စစ်တပ်ကိုယ်တိုင် ပထမဆုံးလက်နက်စွန့်ပြီ နိုင်ငံရေးမှထွက်ခွာ၍ ၂၀၀၈ ခြေဥဖျက်ကာကျူးလွန်ထားသည့် ပြစ်မှုများအားဝန်ခံ ၊တာဝန်ခံရမည်ဟု စစ်ကောင်စီတပ်ကို တိုက်နေသော တော်လှန်ရေးအဖွဲ့များကတုံ့ပြန်လိုက်သည်။
သို့သော် စက်တင်ဘာ ၂၆ရက်က ထုတ်ပြန်သည့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်သည် နိုင်ငံရေး လှည့်ကွက်တစ်ခုသာ ဖြစ်ပြီး ယုံကြည်စရာ လုံး၀ မရှိကြောင်း တော်လှန်ရေးအင်အားစုများဘက်က ပြတ်သားစွာ ပြောကြသည်။ စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကိုပယ်ချခဲ့သည့် အဖွဲ့များမှာ စစ်ကောင်စီကိုအဓိကတိုက်ခိုက်နေသည့်အာရက္ခတပ်တော်(AA) ၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊မွန်ပြည်ဖက်ဒယ်ကောင်စီ(MSFC) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၊ BPLA ၊ ULF စသည့် တော်လှန်ရေးအင်အားစုအသီးသီးပါဝင်သည်။
▪︎ သွေးခွဲရန်ကြိုးစားမှု
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အပါအဝင် ကရင်နီတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ကလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဒီမိုကရေစီ အင်အားစုများအကြားသွေးခွဲရန် ရည်ရွယ်ထုတ်ပြန်လာသည့် အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟု စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကိုတုံ့ပြန်သည်။
တရား မဝင် အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှု တစ်ခုဖြစ်သည်ဟုရှုမြင်ကြောင်း ဖော်ပြသည်။
IEC အနေဖြင့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်စနစ်ဖြစ်ပေါ်လာရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ မတရားလုပ်ဆောင်မှုများကို တားမြစ်သွားမည်ဟု ထုတ်ပြန်သည်။ ထို့ပြင် တခြားသော ပြည်နယ်များ နှင့်ဖက်ဒရယ်ယူနစ်များ အနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက် ရပ်တည်ကြရန် တိုက်တွန်းထားသည်။
“သူ့ရဲ့ လုပ်နည်းလုပ်ဟန် ဖြစ်တဲ့ဟိုအဖွဲ့ကို ချန်ထား၊ ဒီအဖွဲ့ကိုခေါ် အဲဒါ အထူးသဖြင့် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲမှာ စည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်အောင် အဓိက ထိုးခွဲပြီး လုပ်နေတာပဲ။…။ ကျနော်တို့ ဘယ်လိုမှလက်ခံလို့မရတဲ့ အချက်တွေပဲဖြစ်ပါတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် NUG ကိုတမင်ချန်လှပ်ထားပြီး PDF ကိုထည့်သွင်းကာ သွေးခွဲရန်ကြံစည်ထားသည်ကိုလည်းတွေ့ရသည်။
စစ်အုပ်စု၏ ဟန်ပြဖိတ်ခေါ်စာမှာ တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန်နှင့် ၎င်းတို့နှင့် နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာ ဖြစ်ကြောင်း NUCC နှင့် NUG တို့ ပူးတွဲဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီက အောက်တိုဘာ ၁ရက်ထုတ်ပြန်ကြေညာသည်။
“အကြမ်းဖက်စစ်အုပ်စု၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြပါရန်လည်း တော်လှန်ရေးအင်အားစုများအား ကျွန်ုပ်တို့က တိုက်တွန်းနှိုးဆော်ပါသည်” ဟု အထက်ပါ ကော်မတီက တိုက်တွန်းသည်။
စစ်အစိုးရအဆက်ဆက်က လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်ကိုင် လမ်းစဥ်စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းစသဖြင့် ခေါင်းစဥ်အမျိုးမျိုးတပ်၍ လှည့်ဖြားခဲ့သည့် သာဓကများ စွာလည်း ရှိခဲ့ပြီး ဖြစ်ကာ ယခုလည်း စစ်အုပ်စုက တော်လှန်ရေး အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ခြင်း၊ မြို့ရွာများအားဗုံးကြဲခြင်း၊ ရွာများအားမီးရှို့ခြင်း၊ ပြည်သူများကိုမတရားဖမ်းဆီးခြင်းနှင့်သတ်ဖြတ်ခြင်း စသည်တို့ကို မရပ်မနား ပြုလုပ်နေပြီး အခြား တဖက်က နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ခြင်းဆိုသည်မှာ ယုတ္တိမရှိ သော လုပ်ရပ် တခုသာဖြစ်ကြောင်း အထက်ပါ ကော်မတီက သုံးသပ်ဖော်ပြသည်။
ULF စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျော်ဒန် က “ကြေညာချက်က အလိမ်အညာပါ။ ရွေးကောက်ပွဲလုပ်ဖို့ ခေါ်တယ်မရဘူးလို့ ပြည်သူကိုပြပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို ရန်တိုက်တာ။ သူတို့ထွက်ပေါက်ရှာတာ” ဟု မှတ်ချက်ပြုသည်။
“အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကပဲ ငြိမ်းချမ်းရေးကို လိုလားသယောင်ယောင် ဒီဘက်တော်လှန်ရေးအင်အားစုတွေက ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုနေသယောင်ယောင် ပြောဆိုနေမှုတွေက မှားယွင်းတဲ့ပြောဆိုမှုတွေ ဖြစ်တယ်။ လက်ရှိထုတ်ပြန်လိုက်တဲ့ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်ဟာလည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ အားလုံးဟာ မှားပါတယ်လို့ ဝန်ခံပြီးတော့ သူ့အစီအမံအောက်မှာ လိုက်ပါလို့ ပြောတာဟာ ဘယ်လိုမှ တရားနည်းလမ်းလည်း မကျ၊ လက်တွေ့နဲ့လည်း မနီးစပ်တဲ့ ဟန်ပြဖိတ်ခေါ်ချက်သာဖြစ်တယ်ဆိုတာ အတိအလင်းပြောလိုပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။
▪︎ စစ်ကောင်စီရည်ရွယ်ချက်
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC)ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်သည်ခေါ်ပုံခေါ်နည်းလိုအပ်နေကြောင်း၊ ဖိတ်ခေါ်ချက်မဟုတ်ဘဲ ဘာကြောင့် အာဏာလွှဲယူရသည်ဆိုသည့် ထုချေတင်ပြခြင်း၊ သန်းခေါင်စာရင်းကောက်မည်ဟု ကြေညာခြင်း သာဖြစ်ကြောင်း ဖော်ပြသည်။
ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီ ၏ ထုတ်ပြန်ချက်သည်နိုင်ငံရေး၌ စစ်အာဏာရှင်များဆက်လက် စွက်ဆက်နိုင်ရေး စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်ဖြစ်သည်ဟု ပြောသည်။
“စကစရဲ့ လုပ်ရိုးလုပ်စဉ်၊ ကစားကွက်တွေက ငါတို့အတွက် ရိုးနေပါပြီ။စကစ ဟာ နိုင်ငံတကာ နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြောဆိုဝေဖန်မှုကနေ နိုင်ငံရေးထွက်ပေါက်ရှာနေတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီကပြောသည်။
မြန်မာနိုင်ငံတွင်တော်လှန်ရေးကြာလာသည်နှင့်အမျှ နိုင်ငံတကာက စစ်ပွဲများကိုရပ်စေလိုသော ဖိအားများမှာ စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုများအပေါ်တွင် ရှိနေရာ စစ်အုပ်စု၏ထုတ်ပြန်ချက်မှာ နိုင်ငံတကာ၏ဖိအားပေးမှုအပေါ်မှာ တုန့်ပြန်သောလုပ်ရပ်တစ်ခုသာဖြစ်ကြောင်းနိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးကသုံးသပ်သည်။
“တကယ့်လက်တွေ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စေချင်လို့၊ တကယ့်လက်တွေ့ စေတနာရှိလို့ ထုတ်ပြန်တာမျိုး မဟုတ်ဘူးဆိုတာ မြင်သာတယ်။ ထုတ်ပြန်ချက်ကို အသေးစိတ်ဖတ်ရင်ကိုပဲ တကယ့်စစ်စစ်မှန်မှန် ဖိတ်ခေါ်ထားတာမျိုး မဟုတ်ဘဲနဲ့ အာဏာမသိမ်းခင်အခြေအနေ၊ အဲဒီထက်ကို ပိုဆိုးဦးမယ့် အခြေအနေမျိုးကို တွန်းပို့ဖို့အတွက် အပေါ်စီးကနေ ကြေညာတဲ့ထုတ်ပြန်ချက်မျိုးပဲဖြစ်တယ်လို့ ပြောလို့ရတယ်”ဟုအထက်ပါ နိုင်ငံရေးလေ့လာသူကဆက်ပြောသည်။
▪︎ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းလိုလျင် စစ်ကောင်စီလိုက်နာရန်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို အယုံအကြည်မရှိ၊ လက်မခံသော်လည်း အကယ်၍ စစ်ကောင်စီ အနေဖြင့် နိုင်ငံရေး ဆွေးနွေးလိုပါက ဆွေးနွေးခွင့်ရနိုင်မည့် အခြေအနေ အခင်းအကျင်းကို အသိပေးခဲ့သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့အကြား ရရှိထုတ်ပြန်ထားသည့် ဘုံနိုင်ငံရေး ရပ်တည်ချက်ကို ထပ်လောင်းအသိပေးသည်။
“ဒါက ဘာလဲဆိုတော့တစ်အချက် စစ်တပ်ဟာ နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှုမှာ ခံယူ၊ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း အဲဒီအတိုင်း ဆက်သွားရမယ် လက်ခံရမယ်။ နံပါတ်နှစ်အချက် ဖက်ဒရယ်ပြည်ထောင်စု တစ်ခု တည်ဆောက်ဖို့ အတွက် ဆိုရင် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို လက်ခံရမယ်။ တတိယ အချက်ကတော့ နေ့စဉ်နဲ့အမျှ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့တဲ့ အမှုကြီးအမှုငယ် ရာဇဝတ်မှု ပေါင်းစုံ စစ်ရာဇဝတ်မှု အပါအဝင် အားလုံးကို တာဝန်ခံရမယ်ဗျ။ ဒီဟာတွေကို လက်ခံမယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲတွေဆိုတာ ဖြစ်ကိုဖြစ်လာမှာပါ” ဟု ပဒိုစောတောနီးက ပြောသည်။
ထိုသို့ မဟုတ်ပါက နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ၊ စီးပွားရေး ဘက်ပေါင်းစုံမှ ဖိအားပေးမှု ဆက်လုပ်မည်ဟု သတိပေးသည်။
“ပြည်သူလူထု လှုပ်ရှားမှုပါမကျန်ပြည်တွင်း၊ပြည်ပ နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ ဒီစစ်ကောင်စီ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကိုဆက်ပြီးတော့ ဖိအားပေးသွားမှာပဲ။ ဒါကျနော်တို့ရဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်” ဟု ပဒိုစောတောနီးကရှင်းလင်းစွာ ပြောကြားသည်။
ကိုးကန့်တပ်(MNDAA) နှင့်အတူ ညီနောင်မဟာမိတ်စုဖွဲ့ထားကြသည့်တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကလည်း စစ်ကောင်စီတပ် နိုင်ငံရေး ဆွေးနွေးလိုပါက လုပ်ဆောင်ရမည့်အချက်ကိုအဖွဲ့ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောဆိုထားကြသည်။
ဆွေးနွေးမှုများ ပြုလုပ်လိုပါက AA၊ MNDAAနှင့် TNLA တို့အကြား အကြမ်းဖက်ကြေညာထားသည့် စစ်ကောင်စီ၏ ကြေညာချက်ကို ဦးစွာ ပယ်ဖျက်ရမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။
“နံပါတ် နှစ်အချက်က စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်မှုတွေ သူကျူးလွန်နေပါတယ်။အများပြည်သူရှေ့မှာ ဝန်ခံပြီးတော့မှ အာဏာတွေစွန့်လွှတ်ပြီးတော့မှ ငြိမ်းချမ်းရေးဘက် အဲဒီလိုမျိုးဆွေးနွေးတဲ့ပုံစံမျိုးဖြစ်လာရင်တော့ ကျွန်မတို့ဘက်ကလည်း ဒီဆွေးနွေးမှုက တစ်မျိုးတစ်ဖုံပြောင်းလဲမှာဖြစ်ပါတယ်။အာဏာစွန့်ပြီးတော့မှ သူမှားကြောင်း ၊သူပြစ်မှုတွေကျူးလွန်ပါကြောင်း ဝန်ခံပြီးမှပဲ ကျွန်မတို့ကဆွေးနွေးဖို့ အဲဒီလိုမျိုးဆိုရင်တော့ စဉ်းစားဖို့ရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းအရဖြေရှင်းမည်ဆိုပါက မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဉ်ကိုပထမဆုံးစွန့်လွှတ်ရမည့် တပ်မှာ စစ်ကောင်စီတပ် ဖြစ်သည်ဟု ပြောသည်။
“မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်။ ဒါကိုဘယ်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ပါဘူး” ဟုလည်း ခိုင်သုခက စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အား တုံ့ပြန်သည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “တော်လှန်ရေးရဲ့ အောင်ပွဲတွေရော၊ ရှေ့တိုးနိုင်တဲ့၊ မျှော်မှန်းနိုင်တဲ့ နိုင်ငံရေးအခြေအနေတွေရော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အများကြီး မျှော်လင့်စရာတွေ တွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့ကမ်းလှမ်းမှု၊ ဖိတ်ခေါ်မှုတွေကို ဘယ်သူမှ အခုအချိန်မှာ စိတ်ဝင်စားကြမယ် မထင်ဘူး။ အခုအချိန်က ကိုယ်အစပြုပါဝင်ခဲ့တဲ့ ဒီတော်လှန်ရေး၊ ၂၀၂၁ နောက်ပိုင်း တက်တက်ကြွကြွပါဝင်ခဲ့တဲ့ အညာဒေသတွေအပြင် ဟိုးနှစ်ပေါင်းများစွာကတည်းက တော်လှန်ခဲ့တဲ့ ERO တွေ အထိ အားလုံးက ပိုပြီးကြီးတဲ့၊ သူ(စစ်တပ်)
ကမ်းလှမ်းနိုင်တာထက် ပိုပြီးကြီးတဲ့ စိတ်ကူးတွေက ရှိနေကြပြီးပြီဖြစ်တဲ့အခါကျတော့ အလုပ်ဖြစ်မယ်လို့ မထင်ပါဘူး”ဟုသုံးသပ်သည်။
PDF တပ်မှူး တစ်ဦးဖြစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်မှူး ကိုအောင်စံရှားကလည်း “တကယ်လို့ ဆွေးနွေးညှိနှိုင်းရေးလမ်းစဥ်သွားမယ်ဆိုရင်တောင် မအလက အလုံးစုံလိုက်လျောမှဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေအားလုံးကို အကြွင်းမဲ့လွှတ်ပေးရမယ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝလက်ခံရမယ်၊ ရှိပြီးသား ယ္ခင်အစိုးရလက်ထဲကို အာဏာပြန်အပ်ရမယ်၊ ပြီးရင် ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက် တာဝန်ခံရမယ်။ အဲလိုမှ မဟုတ်ရင် မအလထွက်ပြေးဖို့ပဲရှိတော့တယ်၊ အဲတာနောက်ဆုံးလွတ်လမ်းပဲ၊ ဒါတောင်လွတ်ဖို့မသေချာဘူးပေါ့” ဟု ပြောကြားသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ပြောရေးဆိုခွင့်ရှိသူ နိုင်ပညာမာန်ကလည်း “နိုင်ငံရေးပြသနာကိုဖြေရှင်းတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးတော့ စစ်တပ်က စစ်တန်းလျားကို ပြန်ဖို့လိုအပ်ပါတယ်။ ၂၀၀၈ အောက်မှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး”ဟု မှတ်ချက်ပြုသည်။
▪︎ စစ်ကောင်စီ၏ သရုပ်မှန်
စစ်ကောင်စီက နိုင်ငံရေး နည်းဖြင့်ဖြေရှင်းလိုကြောင်းစက်တင်ဘာ ၂၆ ရက်ညတွင် ထုတ်ပြန်သော်လည်း နာရီပိုင်းအကြာ စက်တင်ဘာ၂၇ နံနက်အစောကြီးတွင် လားရှိုးမြို့ကို ဗုံးကြဲခဲ့သည်။
“တစ်ဖက်မှာတော့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး တစ်ဖက်မှာတော့ ဖိအားပေးပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာဖြစ်တယ်။အခုကလည်း စစ်ကောင်စီက အဲဒီလိုပဲ ၊မနေ့ကပဲ ကြေညာထားတယ်။ ဒီနေ့ကတော့ လားရှိုးမှာရော ပြီးတော့ ဒီအပေါ်မှာရော ဗုံးတွေလာကျဲသွားတယ်” ဟု လွေးယေဦးက စက်တင်ဘာ ၂၇ တွင် People’s Spring သို့ပြောသည်။
တော်လှန်ရေးအဖွဲ့များအား လက်နက်စွန့်ကာ နိုင်ငံရေးဆွေးနွေးပွဲ လာရောက်ရန် ဖိတ်ခေါ် ထားချိန်တွင် လေကြောင်းအသုံးပြုပြီး အရပ်သားများပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီ၏ ရိုးသားဖြောင့်မှန်မှုမရှိသောလုပ်ရပ်ဖြစ်ကြောင်း မွန်တိုင်းရင်းသား တော်လှန်ရေး စုဖွဲ့မှု တစ်ခုဖြစ်သည့် မွန်ပြည်ဖက်ဒရယ် ကောင်စီ(MSFC)ကသုံးသပ်သည်။
စစ်ကောင်စီအနေဖြင့် အဘက်ဘက်မှ ပြိုလဲကျဆုံးနေချိန် နိုင်ငံတကာ တရားဝင်မှုရရှိရေးကို အားထုတ်သည့်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန်ပြင်ဆင်သည်နှင့် တပြိုင်တည်း ယခုနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အားထုတ်လာခြင်းဖြစ်ကြောင်း MSFCက ထုတ်ပြန်သည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီသည် စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်အဖြစ် ဖန်တီးထားသော အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ရန် လက်ခံစဥ်းစားမည်မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကြေညာသည်။
▪︎ PDFတွေရဲ့သဘောထား
တိုင်းရင်းသားတပ်ဖွဲ့များနည်းသူ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့များ နှင့် နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသေ တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အား စိတ်မဝင်စားဘဲ ၊စစ်အုပ်စုပြုတ်ကျသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်းမရှိပါဘူး၊ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်လို့မရနိုင်ပါဘူး။ ဒီဖိတ်ခေါ်ချက်ကိုလည်း ကျနော်တို့ စိတ်မဝင်စားဘူး။ သူတို့ရဲ့တခုတည်းသော ထွက်ပေါက်ကို တရုတ်ဘက်က ပိုထောက်ခံအောင်လုပ်တဲ့ ဟန်ပြလုပ်ကွက်တစ်ခုသာဖြစ်ပါလိမ့်မယ်”ဟု စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူးကိုဆောင်းခက မှတ်ချက်ပြုသည်။
PDF တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်မှူး ကိုအောင်စံရှားက “သူ့ (စစ်ကောင်စီ)ရဲ့တခုတည်းသော ထွက်ပေါက်က ရွေးကောက်ပွဲလုပ်ပြီးတရားဝင်အစိုးရလုပ်ချင်နေတာ။တရုတ်ကလည်း အဲအတိုင်းဖိအားပေးနေတယ်ထင်တယ်။တဖက်မှာလည်း EAO တွေနဲ့ PDF တွေရန်ကလည်းရှိနေတော့ စစ်ရေးအရလည်း ပြေးလမ်းမရှိတော့ဘူး။ တိုက်ရင်တိုက်သလောက် တမျိုးလုံးအသေခံရတော့မှာ၊ နိုင်ငံရေး အသက်ရှုလည်းကြပ်၊ စစ်ရေးလည်း ရှုံးနိမ့်ဆိုတော့ နောက်ဆုံး အရှက်မရှိ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်ပြီး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြပါဆိုပြီး ဖိတ်ခေါ်တော့တာပါ” ဟု ကိုအောင်စံရှားက ပြောသည်။ဖိတ်ခေါ်မှုသည်သက်ရောက်မှု လုံး၀ရှိလာမည်မဟုတ်ဟုလည်း ၎င်းကဆက် ပြောသည်။
“ခုတိုက်နေတဲ့ EAO တွေကလည်း ဆက်တိုက်နေမှာပဲ၊ PDF တွေကလည်း NUG/MOD ရဲ့မူအတိုင်းပဲ မအလပြုတ်တဲ့အထိ၊ စကစ အမြစ်ပြတ်တဲ့အထိတိုက်ဖို့ပါပဲ” ဟု ကိုအောင်စံရှားက ပြောသည်။
အညာဒေသ၌ စစ်ကောင်စီကို တိုက်ခိုက်နေသည့် မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ခေါင်းဆောင် ကိုလက်ယျာက “ကျွန်တော်တို့ကတော့ မညှိနှိုင်းဘူး။ ညှိနှိုင်းဖို့အစီအစဥ်မရှိဘူး။ ဆက်ပြီးတော့တိုက်ခိုက်သွားဖို့ပဲရှိတယ်” ဟု ရှင်းလင်းစွာ တုံ့ပြန်သည်။
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကြောင့် အပြောင်းအလဲ တစုံတရာ ရှိလာမည်မဟုတ်ဟု ခိုင်မာစွာ ပြောကြားသည်။MDY PDFသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းများ၊ မြို့များ သိမ်းပိုက်ထားနိုင်ကာ စစ်ကောင်စီကိုအထိနာအောင်တိုက်ခိုက်နေ
သည်။ စဥ့်ကူးမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်ရှိ စစ်စခန်း ၃၅ ခုကိုသိမ်းပိုက်ထားကာ စစ်တပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရှိရာ မန္တလေးမြို့ကိုစစ်ရေးအရအဓိက ခြိမ်းခြောက်ထားသော PDF တပ်ဖွဲ့ဖြစ်သည်။
“ကျွန်တော်တို့ MDY-PDF အနေနဲ့ကတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို တစိုက်မတ်မတ် ဆက်လုပ်သွားဖို့ ရှိပါတယ်ဗျ” ဟု ကိုအော်စမွန်က ပြောပါသည်။ ။