သြဂုတ်- ၁၀ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ကရင်အမျိုးသားအစည်းအရုံး ( KNU ) ဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေထဲကို ဒီနေ့ (ဩဂုတ် ၁၀ရက်) ညပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ်နဲ့ စျေးဆိုင်တချို့ မီးလောင်ပျက်စီးသွားခဲ့ပြီး ဒေသခံတွေက ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဒီနေ့ ည ၈ နာရီအချိန်ခန့်မှာ Y-12 လေယာဉ်နဲ့ ထိုင်းနယ်စပ်အနီးက တပ်မဟာ ၇ နယ်မြေ ထဲကို ဗုံးအလုံးပေါင်း ၂၀ ထက်မနည်း လိုက်လံကြဲချတိုက်ခိုက်ခဲ့တာကြောင့် နယ်စပ်အနားရှိ နေအိမ်နဲ့ စျေးဆိုင်တချို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ကိုတော့ စုံစမ်းနေဆဲပါ။

Public Service Announcement
လာမယ့် ဩဂုတ်လ ၁၂ ရက် မှာ ကျရောက်မယ့် (၇၅) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ မတိုင်ခင် စစ်ကောင်စီတပ်က KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေထဲကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကတော့ KNU ဌာနချုပ် ရှိရာ တပ်မဟာ ၇ ကို စစ်ကောင်စီတပ်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာရှိထားပါတယ်။
အခုလို KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေထဲကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေတာဟာ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် KNU အပေါ် ဖိအားပေးတာဖြစ်တယ်လို့ ယူဆရကြောင်း ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း သုံးသပ်ဖော်ပြထားပါတယ်။
မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့ထဲကနေ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရှိတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေလည်း ကင်းထောက်သွားခဲ့တယ်လို့ ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။
ထိုင်း – မြန်မာကုန်သွယ်ရေး အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြည့်ဆည်းထားပြီး ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့နဲ့အတူ ထိုးစစ်ဆင်သွားမယ်ဆိုတဲ့ သတင်းတွေကြားနေရကြောင်း ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။
