သြဂုတ်-၁၀၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၀)မှာ ငလျင်ဘေး အလှူငွေနဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီအား ရှုတ်ချကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက စစ်ကောင်စီအပေါ် ယုံကြည်ကိုးစားပြီး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာက သိအောင် “ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်”၊ “ငလျင်ကပ်ဘေး အကူအညီ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြောင်းချီတက်ဆန္ဒပြ ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုက “ပြည်သူ့အားမာန်သပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ လူထုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ကလေးမြို့နယ်လူထုသပိတ်
