ကိုဗစ် ကပ်ရောဂါ ကာလတုန်းက ထုတ်ပြန်ခဲ့တဲ့ နယ်စပ် အဝင်အထွက် ကန့်သတ် အမိန့်တွေက တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးနဲ့ ဝင်ထွက်သွားလာမှု ကဏ္ဍတွေအပေါ် လက်ရှိ အချိန်ထိ သက်ရောက်မှုတွေ ရှိနေဆဲလို့ ဆိုပါတယ်။
ကပ်ရောဂါ ကာလအတွင်း တရုတ်ဟာ ဇီးရိုးကိုဗစ်လို့ လူသိများတဲ့ တင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့မှု မူဝါဒတွေကို ရောဂါ ထိန်းချုပ်ရေးအတွက် အသုံးပြုခဲ့ပါတယ်။ ပြီးတော့ နယ်စပ်တွေမှာလည်း ဖြတ်သန်းသွားလာခွင့်တွေကို အပြင်းအထန် ကန့်သတ်တာတွေ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဇီးရိုးကိုဗစ် မူဝါဒကို တရုတ်က စွန့်လွှတ်လိုက်တဲ့တိုင် တရုတ်-မြန်မာ နယ်စပ် အကြီးမားဆုံး ကုန်းလမ်း ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီမှာ ရိုက်ခတ်မှုတွေကတော့ ဆက်ပြီး ကျန်နေပါတယ်။
မြန်မာဖက်ခြမ်းက မူဆယ်နဲ့ ထိစပ်နေရာ တရုတ်ပိုင် ရွှေလီမြို့မှာ ကပ်ရောဂါ ကာလမတိုင်ခင် နယ်စပ် ကုန်သွယ်မှု တန်ဖိုးဟာ နှစ်စဉ် ဒေါ်လာ သန်းပေါင်းများစွာ ရှိခဲ့ရာကနေ ၂၀၂၄ မှာတော့ အဲဒီအချိန်တွေရဲ့ လေးပုံတစ်ပုံလောက် ပမာဏထိ ထိုးဆင်းသွားပါတယ်။
ဒါ့အပြင် ရွှေလီမှာ နယ်စပ်တလျှောက်ကို အရင်က ခပ်နိမ့်နိမ့် စည်းရိုးလောက်သာ ကာထားရာကနေ အခုတော့ ၁၇၀ ကီလိုမီတာရှည်ပြီး ၁၀ မီတာလောက်မြင့်တဲ့ နံရံကြီးတွေနဲ့ အစားထိုးထားသလို လက်နက်ကိုင် တပ်ဖွဲ့တွေ၊ လုံခြုံရေး ကင်မရာတွေနဲ့ စောင့်ကြည့်နေပါတယ်။ ရွှေလီမှာ ကျောက်စိမ်း ကုန်သွယ်ရောင်းဝယ်မှုနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေကလည်း ပိုတင်းကျပ်လာပြီး ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် လုပ်ငန်းကိုင်ငန်းတွေလည်း ခက်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement
ရိုဟင်ဂျာတွေ အပါအဝင် ရွှေ့ပြောင်းလုပ်သားတွေဟာလည်း သာမန်ထက် ပိုကျပ်တည်းတဲ့ စစ်ဆေးမှုတွေ၊ ကန့်သတ်မှုတွေကို ရင်ဆိုင်နေရပြီး ကပ်ရောဂါ ကာလအတွင်း ခွဲခွာနေခဲ့ရတဲ့ မိသားစုတွေကလည်း ပြန်လည် ဆုံဆည်းဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဗျူရိုကရေစီ ယန္တရားတွေရဲ့ နှောင့်နှေးမှုတွေနဲ့ ပါမစ်ကိစ္စ အတားအဆီးတွေကြောင့် ဖြစ်ပါတယ်။
ကိုဗစ်ကာလတုန်းက ကျင့်သုံးခဲ့တဲ့ နယ်စပ်မူဝါဒတွေရဲ့ နောက်ဆက်တွဲ ရေရှည် ရိုက်ခတ်မှုတွေဟာ ရွှေလီမှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအခြေချမှုနဲ့ ဒေသခံတွေရဲ့ လူမှုဘဝ ကဏ္ဍတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေစေတယ်လို့ ဆိုပါတယ်။ တစ်ချိန်က ရွှေလီဟာ နေရာအနှံ့က ရွှေ့ပြောင်းလုပ်သားတွေ စုဝေးကြတဲ့ နေရာတစ်ခု ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း၊ ကိုဗစ်ကာလ မူဝါဒတွေကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတွေဆီ ဦးတည်ခဲ့ပါတယ်။
ကိုးကား: China Global South Project
