သြဂုတ် ၁၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၄)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ စေတီတစ်ဆူမှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားအားလုံး လွတ်မြောက်ရေး နေကောင်းကျန်းမာရေးကို ရည်ရွယ်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ယင်းဆုတောင်းပွဲမှာ စစ်ကောင်စီကျရှုံးရေး၊ ဓမ္မဘက်တော်သား နွေဦးတော်လှန်ရေး ရဲဘော်အပေါင်းတို့ အောင်နိုင်စေရေး ဆုတောင်းမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်ချီတက်ခဲ့ကြပါတယ်။
တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဖီဆန် အုံကြွ တော်လှန်တဲ့အနေနဲ့ အဲဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ကြောင်း DDMSC က ဆိုပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” စတဲ့ကြွေးကြော်သံတွေနဲ့ အော်ဟစ်ချီတက်ခဲ့ကြပြီး အမျိုးသမီး၊ လူငယ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC
