ဩဂုတ်-၁၄၊ ၂၀၂၅။ထားမြတ်/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ် ကောင်စီက ယနေ့(ဩဂုတ် ၁၄ရက်) ည ၈နာရီခွဲခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ကနဦးသတင်းထုတ်ပြန်သည်။
ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၉ရက်ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ကျောက်နဂါး ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကိုရင် တစ်ပါး၊ ကလေးငယ် နှစ်ဦး၊အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၅ဦး သေဆုံးခဲ့သည်။

Public Service Announcement
စစ်ကောင်စီသည်မိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူများနေထိုင်ရာများကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်။
ဇူလိုင်မှဩဂုတ်ဒုတိယပတ်အတွင်းစစ်ကောင်စီကမိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၇ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ကလေးငယ်များအပါအဝင် ၁၆ဦးထက်မနည်း သေဆုံးကာ ၃၉ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု TNLAက အသိပေးသည်။
စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသည့် မြို့ရွာများရှိ ပြည်သူများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့ရာ ဇွန်လမှ ဩဂုတ် ၁၃ရက်အထိ ၂လကျော်အတွင်း မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချိုမြိုနယ်များ၌ စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်ပြည်သူနှင့် ကလေးငယ် ၁၃ ဦးအပါအဝင် အရပ်သားပြည်သူများ ၅၆ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၈ ဦးအပါအဝင် ၁၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းအရပ်ဖက်အဖွဲ့များက ဩဂုတ် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။
ထိုသို့ပြည်သူများ ပစ်မှတ်ထားနေသည့် စစ် ကောင်စီကို တရုတ်အစိုးရက ခေတ်မီစစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးပြီး စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှု များအတွက် ပိုမိုအားဖြည့် ပေးလျှက်ရှိဟု ထုတ်ပြန်သည်။
“တလျှောက်လုံးတရုတ်အစိုးရက မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းပေးသယောင် အမှန်က သူရဲ့ Self interested အတွက်ပါ။မြန်မာနိုင်ငံကို ဒီမိုနိုင်ငံ မဖြစ်စေချင်ဘူး။ အနောက်နိုင်ငံနဲ့ ပိုနီးစပ်သွားမှာ စိုးရိမ်သလို သူရဲ့ရင်းနှီးမြှုပ်မှုတွေကို ထိခိုက်မှာလည်း စိုးရိမ်ပုံရတယ်။”ဟု တအာင်းအရပ်ဖက်အဖွဲများပူးတွဲကြေညာချက် ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက ဆက်တိုက်နှိုးဆော်တိုက်တွန်းထားသည်။
