သြဂုတ် – ၁၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက တစိုးကျေးရွာကို သြဂုတ်လ ၁၅ ရက်ကစစ်ကြောင်းထိုးချိန်မှာ ပြည်သူ ငါး ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။
မြင်းခြံမြို့နယ်၊ ကံဆင့်ကျေးရွာမှာရှိရောက်ရှိတဲ့ စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ် ၊တစိုးရွာကို စစ်ကြောင်းထိုးတာဖြစ်ပြီး ရွာပြင်မှာ တဲထိုးနေတဲ့ အမျိုးသား နှစ်ဦးနဲ့အမျိုးသမီး သုံးဦး ကိုသတ်ဖြတ်သွားတာပါ။
“ ငါးယောက်လုံးကိုသတ်ပြီး ဗုံးခိုကျင်းထဲမှာထားသွားတာ၊ သူတို့ကလည်း စစ်ကြောင်းမထိုးခင် လေကြောင်းကနေ အရင်ပစ်တာ” လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement
အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းမှာ သီတာယုမွန်ပျုစောထီးအဖွဲ့လည်း လိုက်ပါလာတာလို့ အဲဒီတပ်ဖွဲ့ဝင်က အသိပေးပါတယ်။
သတ်ဖြတ်ခံရသူတွေဟာသက်ကြီးပိုင်းအရွယ်တွေဖြစ်တဲ့၇၆ နှစ် ၊ ၆၃ နှစ် နဲ့ ၆၀ အရွယ်တွေ ပါဝင်ပြီး ကျန်တဲ့ နှစ်ဦးကတော့ အသက်ငါးဆယ်အရွယ်ဝန်းကျင်တွေလို့သိရပါတယ်။
မြေပြင်ကစစ်ကြောင်းထိုးတာအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တစိုးကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါအပြင် အဲဒီရွာမှာ စစ်ကောင်စီတပ်က တပ်စွဲလိုက်တယ်လို့သိရပါတယ်။
အခုလဆန်းပိုင်းကစတင်ပြီး မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကကျေးရွာတွေဆီ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၁၅ရွာခန့်က ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
