ဩဂုတ်-၂၀၊၂၀၂၅။ ဆဏ်း/People’s Spring
စစ်ကောင်စီလက်အောက်တွင် ရုပ်ရှင်ရုံတင်စနစ်အရ တစ်လလျှင် မြန်မာဇာတ်ကား ရှစ်ကားခန့် ရုံတင်ပြသနေသောကြောင့် ကြည့်ရှုသူနည်းလာပြီးထုတ်လုပ်သူများအရှုံးပေါ်နေကြောင်း ရုပ်ရှင်လောကသားအချို့က ပြောသည်။
“တစ်လ ၈ ကားတင်တော့ တင်သမျှကားတိုင်းရှုံး ၊ ဗမာ ကား ကို အားပေးတဲ့လူက ဒီလူတစ်စုကပဲ အားပေး၊ အဲဒီလူတစ်စုက တစ်လ ၈ ကားလုံးကို အားမပေးနိုင် ဆိုတော့ ရှုံး ” ဟု ၎င်းကပြောသည်။
လက်ရှိတွင်ရုပ်ရှင်ဇာတ်ကားများကို တစ်ပတ်လျှင် နှစ်ကားတစ်ပြိုင်တည်း ရုံတင်ပြသနေရခြင်းဖြစ်ပြီး ဇာတ်ကားအချို့သာ နှစ်ပတ်ဆက်တိုက် ရုံတင်ပြသခွင့်ရရှိနေသည်။

Public Service Announcement
“ဇာတ်ကားတွေကလည်း ရုပ်ရှင်လို့သာနာမည်တပ်ထားတာ ။ အရင်က ဗီဒီယိုအဆင့်လောက်တောင် မရှိတာတွေများတယ်”ဟု ရုပ်ရှင်ပရိသတ်တစ်ဦးကပြောသည်။
လက်ရှိရုံတင်ပြသနေသည့် ဇာတ်ကားများသည် စစ်တပ်ထောက်ခံသောသရုပ်ဆောင်များ ၊ တော်လှန်ရေးတွင်မပါဝင်သူများဖြင့် သရုပ်ဆောင်အင်အား များများသုံးသော်လည်းအောက်လုံးများဖြင့် ဟာသတင်ဆက်မှုများသောကြောင့် ကလေး
သူငယ်များကြည့်ရှုရန် မသင့်ဟု ၎င်းကအကြံပြုသည်။သို့သော် စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသော သရုပ်ဆောင်များ၏ ဇာတ်ကားများကိုမူ ရုံတင်ခွင့်မပေးဟု သိရသည်။
ဘတ်ဂျက်သုံး၍ ရိုက်ကူးထားသည့် ထုတ်လုပ်သူများက တစ်ပါတ်လျှင် တစ်ကားသာ ရုံတင်ပြသလိုသောကြောင့် ယင်းကဲ့သို့ ပြသနိုင်ရန် ရုံပိုင်ရှင်များကို Deposit အနေဖြင့် သိန်းသုံးထောင် ပေးပါက ပြသခွင့်ရမည်ဟု ရုပ်ရှင်လောကနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ပထမအပတ် ရုံတင်ဝင်ငွေကိုကြည့်ပြီး နောက်တစ်ပတ်ရုံတင်ဖို့ ဆုံးဖြတ်တာဆိုတော့ တချို့ထုတ်လုပ်သူတွေက ကိုယ့်ကားလက်မှတ်ကို ပြန်အားပေးပြီး နှစ်ပတ်ရုံတင်ဖို့ လုပ်တာမျိုးတွေလည်းရှိတယ်” ဟု ရုပ်ရှင်လောကသားတစ်ဦးက ဆိုသည်။သို့သော် လက်မှတ်ရောင်းရ ၊မရောင်းရမှာမသေချာ၍ ထုတ်လုပ်သူများအတွက် စွန့်စားမှုကြီးကြောင်း ၎င်းကဆက်ပြောသည်။
ထိုကြောင့်ရုပ်ရှင်ဈေးကွက်သည် ရုပ်ရှင်ရုံပိုင်ရှငွဘက်က တဖက်သက် အသာစီးရနေကြောင်း၎င်းတို့ကပြောသည်။
သို့သော် စစ်ကောင်စီ၏ ဝါဒဖြန့် ဇာတ်ကားများမှာကြိုက်သည့်အချိန်တွင်ပြသနိုင်ကြောင်းသိရသည်။
“တင်အောင်စိုး ပန်းမြို့တော် ရိုက်တဲ့ – ရဲ နှစ်ပတ်လည်ကား အဲဒီကား ကြိုက်တဲ့ရက် ကြိုက်တဲ့ရုံမှာ တင်လို့ရမယ် အော်ကတိုဘာ ၁ မတိုင်ခင်” လို့ ရုပ်ရှင်လောကသားတဦးကပြောသည်။
ထိုသို့ရုပ်ရှင်ဈေးကွက်ပျက်နေသော်လည်း အာဏာသိမ်းခေါင်းဆောင် သမီး ခင်သီရိသက်မွန်နှင့် ပတ်သက်နေသည့် အသိုင်းအဝိုင်းက ပိုင်ဆိုင်သည့် ထုတ်လုပ်ရေးတိုက်များအနေဖြင့် ဇာတ်ကားရိုက်ကူးမှူများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။ထိုသို့ အကျိုးအမြတ်နည်းသော်
လည်း ရုပ်ရှင်ဇာတ်ကားများဆက်တိုက်ရိုက်ကူးပြသနေခြင်းမှာ ပြည်သူများကို တော်လှန်ရေးတွင်စိတ်မဝင်စားဘဲ အာရုံပြောင်းရန် ၊တိုင်းပြည်မှာ ပုံမှန်ဖြစ်နေသယောင် ဖြစ်အောင် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်ကြောင်း ရုပ်ရှင်လောကသားအချို့ကပြောသည်။
