သြဂုတ် – ၂၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဩဂုတ်လ ၂၁ ရက်ညပိုင်းက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အရာရှိတစ်ဦးရဲ့ နေအိမ်မီးလောင်မှုမှာ ဗိုလ်အဆင့်ရှိသူတပ်ဖွဲ့ဝင်သေဆုံးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။
သြဂုတ်လ ၂၁ ရက် ည ၇ နာရီခွဲဝန်းကျင်က ကြားအင်းဆိပ်ကြီးမြို့ ၊ အမှတ်( ၅) ရပ်ကွက် ၊ သီတာလမ်း မှာရှိတဲ့ DKBA တပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ စောလေကပေါ်ထူးရဲ့ နေအိမ် မှာ မီးလောင်မှုဖြစ်ပွားတာပါ။
ဗိုလ်ကြီးစောလေကပေါ်ထူးဟာ ကြာအင်းဆိပ်ကြီးမြို့က DKBA ရဲ့ ဆက်ဆံရေးတာဝန်ခံတစ်ဦးလို့သိရပါတယ်။

Public Service Announcement
နေအိမ်ဟာအုပ်ညှပ်နှစ်ထပ်ဖြစ်ပြီးအိမ်စောင့်နေတဲ့DKBAရိက္ခာမှူးဗိုလ်မှဲ့ကြီးဟာ မီးစက်နှိုးဖို့အတွက် ဓာတ်ဆီထည့်နေချိန် မီးထွန်းထားတဲ့ဖယောင်းတိုင်ကနေတဆင့် မီးကူးစက်ပြီး လောင်ကျွမ်းမှုဖြစ်ခဲ့တာပါ။
မီးကိုည ၉ နာရီခန့်မှာတော့ငြိမ်းသတ်နိုင်ခဲ့ပြီး ဗိုလ်ကြီးစောလေကပေါ်ထူးရဲ့ နေအိမ်နဲ့ ကပ်လျက်နေအိမ်တစ်လုံးပါ မီဲးထဲပါသွားတယ်လို့မီးသတ်ထံကသိရပါတယ်။
အဲဒီမီးလောင်မှုမှာ နေအိမ်အောက်ထပ် မီးဖိုခန်းထဲက ဂက်စ်အိုးပေါက်ကွဲမှုကြောင့် DKBA က ဗိုလ်အဆင့်ရှိတဲ့ ရိက္ခာမှူး ဦးမှဲ့ကြီး သေဆုံးသွားခဲ့ပြီး အခြားတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
မီးလောင်နဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့ DKBA ရိက္ခာမှူး ဗိုလ်ဦးမှဲ့ကြီးကို ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
