သြဂုတ်-၂၃၊ ၂၀၂၅။တာရာ /People’s Spring
မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။
မနေ့က(သြဂုတ် ၂၂ ရက်)နေ့လယ် ၁နာရီခန့်က စစ်ကောင်စီဟာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပေါက်မြို့နယ်အရှေ့ဘက်ခြမ်းက ဆယ်ဝရွာကို ဗုံးကြဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးတဲ့ ဒေသခံပြည်သူငါးဦးမှာ ကလေးငယ်တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူလည်း ၁၀ဦးဝန်းကျင်ရှိတယ်လို့ ပေါက်ဒေသခံ ကိုစောကြီးက ပြောပါတယ်။

Public Service Announcement
“ရွာထိပ်တွေနဲ့ ရွာလယ်ဝန်းကျင်တွေကိုကြဲချခဲ့တာ။ဒဏ်ရာရ၁၀ဦးထဲမှာ ခြောက်ဦးကကတော့ ဒဏ်ရာများတယ်။ပေါက်မြို့နယ်အရှေ့ခြမ်း ဆယ်ဝကျေးရွာဆိုတာက ရွာငယ်လေးပါ တကယ်ကို ဆင်းရဲ့ချို့တဲ့လွန်းတဲ့ရွာလေးပါ ။အဲလိုရွာငယ်လေးကိုတောင် အကြမ်းဖက်စစ်တပ်ကလေယာဥ်နဲ့ အကြိမ်ကြိမ်ပစ်တယ် ။ဘာတိုက်ပွဲမှမရှိဘူး”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်အရှေ့ဘက်ခြမ်းက ရေယာဥ်ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ကျော် ပျက်စီးထားတယ်လို့လည်း ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အခုနှစ် မေလနောက်ဆုံးပတ်မှာ ပခုက္ကူမြို့အခြေစိုက်တဲ့ တပ်မ(၁၀၁)ကနေ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပေါက် မြို့နယ်ကို သုံးလအတွင်း စစ်ကောင်စီဟာ လေကြောင်းကအနေ ရာနဲ့ချီဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကနေ ပေါက်မြို့နယ်က အရပ်သား ၂၀ကျော်သေဆုံးထားပြီး စာရင်းအချက်အလက်အတိအကျကို ပြုစုနေတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
