သြဂုတ်-၃၀၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမှာ ဒီကနေမနက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၃ဝ ရက် မနက် ၈ နာရီဝန်းကျင်က မုံရွာ-မန္တလေးလမ်းပေါ်၊ မြင်းမူမြို့နယ်၊အလ္လကပ္ပကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေလို့ နှစ်ဘက်လမ်းကြောတွေပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မြောင်လမ်းခွဲနဲ့နတ်ရေကန်တွေမှာလမ်းကြောပိတ်နေတာ။ဖြတ်သန်းခွင့်မပေးသေးဘူး။”လို့ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင်မြောင်လမ်းခွဲမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေပစ်ကူနေပြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်မသိရသေးပါဘူး။
ခရီးသွားပြည်သူတွေအနေနဲ့လမ်းပိုင်းသတင်း စုံစမ်းပြီးမှ အန္တရာယ်ကင်းမှသွားလာကြဖို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက သတိပေးပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်က မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ကားသမားတစ်ဦးပါသေဆုံးခဲ့ပါသေးတယ်။ မုံရွာ-မန္တလေးလမ်းမှာ လမ်းတလျှောက် တည်ငြိမ်မှုမရှိသေးဘဲ စစ်တပ်က နေရာယူထားပြီး ခရီးသွားပြည်သူတွေကို မိုင်းရှာခိုင်းတာ၊ အကာအကွယ်ယူသွားလာတာတွေ ပြုလုပ်နေကြောင်း ဒေသခံများက ပြောပါတယ်။
