■မြန်မာ့အရေးကို ကမ္ဘာကပိုအာရုံစိုက်ပေးရန်ရည်ရွယ်
စက်တင်ဘာ-၁၊၂၀၂၅။People’s Spring
ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန် ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတစ်ဦးဟာရိုးရာဝတ်စုံကို ဆင်မြန်းပြီး ပန်းဝင်တဲ့ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့နောက် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ကိုပါ ရေးထိုးနိုင်ခဲ့ပါတယ်။
ဒေါက်တာ မြင့်မိုရ်ဦးဟာ ဩဂုတ် ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဆစ်ဒနီ မာရသွန်မှာ ၄၂.၂ ကီလိုမီတာ( ၂၆ မိုင်ကျော်)အထိ အကွာအဝေးကို မြန်မာ့ရိုးရာ ဝတ်စုံ ဝတ်ဆင်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီနောက် ၄ နာရီ၊ ၁၂ မိနစ်နဲ့ ၁၉ စက္ကန့် အကြာမှာတော့ အောင်အောင်မြင်မြင် ပန်းဝင်နိုင်ခဲ့ပါတယ်။သူမဟာ နမည်ကြီးမင်းသား ဦးကျော်သူရဲ့ သမီးလည်းဖြစ်ပါတယ်။

Public Service Announcement
သူမဟာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့က ပေးအပ်တဲ့ ရိုးရာဝတ်စုံနဲ့ မာရသွန်ပြိုင်ပွဲမှာ ခရီးအရှည်ဆုံး ဝင်ပြေးခဲ့တဲ့၊ အမြန်ဆုံးပန်းဝင်တဲ့ စံချိန်တွေကိုလည်း ရရှိခဲ့ပါတယ်။
သူမရဲ့အဓိကရည်မှန်းချက်ကမြန်မာ့နိုင်ငံအကြောင်းကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာစေဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေါက်တာမြင့်မိုရ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်မှု ရယူဖို့ ကြိုးစားနေတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဗုံးကြဲတာ၊ သတ်ဖြတ်တာမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ဆန့်ကျင်ရပ်တည်ကြောင်း ပြသဖို့ အခုလို ထူးထူးခြားခြား စိတ်ကူးမျိုးနဲ့ ပြိုင်ပွဲဝင်ခဲ့တာလို့Heart Beams Rising ကဖော်ပြထားပါတယ်။
ဒေါက်တာ မြင့်မိုရ်ဦးဟာအနက်ရောင်မှာ ရွှေရောင်ကွပ်ထားတဲ့ မြန်မာဝတ်စုံ၊ ရွှေရောင် ချည်ပဝါတွေကို ဝတ်ဆင်၊ ဦးခေါင်းမှာ ပန်းပန်ထားပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။
သြဂုတ် ၃၁ ရက်ကပြုလုပ်ခဲ့တဲ့ဆစ်ဒနီမာရသွန်ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းက ပြိုင်ပွဲဝင် သုံးသောင်းခွဲကျော်ပါဝင်ယှဥ်ပြိုင်ခဲ့တာပါ။
