စက်တင်ဘာ-၂၊၂၀၂၅။ဆဏ်း/People’s Spring
နယူးယောက်မြို့မှာ ပြုလုပ်မယ့် ရောင်နီ ဖျော်ဖြေပွဲမှာ အရင်ပွဲတွေလိုပဲ တော်လှန်ရေး ရဲဘော်တွေဆီကို စာရေးသားပေးပို့ နိုင်မယ့် Postcard အစီအစဉ်ပါဝင်တယ်လို့ ချစ်သုဝေကအသိပေးထားပါတယ်။
“Postcard လေးပေါ်မှာ ရဲဘော်တွေဆီပဲဖြစ်စေ၊ တော်လှန်ရေး ညီအစ်ကိုမောင်နှမတွေဆီပဲဖြစ်စေ စာရေးမယ့်အစီအစဉ်လေးပေါ့။” လို့ ချစ်သုဝေက ပြောပါတယ်။
Postcard အစီအစဉ်ကို ရောင်နီပွဲစတင်တဲ့ အချိန်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး Postcard မှာရေးထားတဲ့စာတွေကို ချစ်သုဝေက သူမရဲ့ Chit Thu Wai’s Diary-Official You Tube Channel ကနေ ဖတ်ပြသွားမှာဖြစ်ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ သုံးရက်ကတော့ ချစ်သုဝေရဲ့ ယူကျူ့ချန်နယ်မှာ Yaung Ni Postcard အပိုင်း -၁ ကိုတင်ထားတာတွေ့ရပါတယ်။
ရေးသားထားတဲ့စာတွေက ဖျော်ဖြေပွဲတွေနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်ကြောင်းတွေ ပါသလို အောင်ပွဲရရင် မြန်မာနိုင်ငံအတူ ပြန်ကြမယ်ဆိုတဲ့ အကြောင်းတွေလည်းပါဝင်ပါတယ်။
ရောင်နီပွဲတွေမှာ Postcard နဲ့ ဘောလ်ပင်ကို ၁၀ ဒေါ်လာနဲ့ ရောင်းချတာဖြစ်ပြီး စာရေးထားတဲ့ Postcard ကို ပွဲမှာပေးထားတဲ့ ပုံးတွေထဲကို ထည့်ခဲ့ရတာဖြစ်ပါတယ်။
ရောင်နီရဲ့ ခုနစ်ပွဲမြောက်ဖြစ်တဲ့ နယူးယောက် ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၃ ရက်မှာပြုလုပ်မှာဖြစ်ပါတယ်။
ရောင်နီပွဲတွေကို ဧပြီ ၁၂ ရက်က Maryland ၊ မေ၂၄ က Boston ၊ ဇွန် ၁၄ က San Francisco (Bay Area) ၊ ဇွန် ၂၈ ရက်က Florida ၊ဇူလိုင် ၁၉ က Texas နဲ့ ဩဂုတ် ၁၆ က Milwaukee မှာပြုလုပ်ခဲ့ပါတယ်။
ဒီပွဲတွေကနေ အမေရိကန်ဒေါ်လာ လေးသိန်းကျော်ရရှိခဲ့ပြီး ရရှိငွေတွေကိုတော့ အရေးပေါ်သဘာဝဘေးနှင့်စစ်ရှောင်များ ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ပညာရေး ကဏ္ဍ၊တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှုများကဏ္ဍ အသီးသီးအတွက် အချိန်မဆိုင်းဘဲ လွှဲပြောင်းစီးဆင်းနေတယ်လို့ ဆိုပါတယ်။
နယူးယောက်ပွဲလက်မှတ်တွေကိုတော့ လက်ရှိအချိန်အထိ အားပေးလို့ရနေဆဲဖြစ်တယ်လို့ ရောင်နီ Tour က အသိပေးထားပါတယ်။
