စက်တင်ဘာ-၈၊၂၀၂၅။ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ရွာတွေကို စက်တပ်လေထီးနဲ့ဗုံးလာကြဲလို့ ပြည်သူသုံးဦးသေဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
အုတ်ဖိုနယ်၊ ကိုင်းကြီးရွာ၊ ဒေါင်းကြီးရွာနဲ့ ချင်းစုရွာတွေကို စစ်ကောင်စီတပ်က စက်တပ်လေထီး (ပါရာမော်တာ)တွေသုံးပြီး စက်တင်ဘာ ၇ ရက်နေ့ညနေ ၅ နာရီခွဲလောက်မှာ ဗုံးသီးခုနစ်လုံး လာကြဲခဲ့တာပါ။
“ချင်းစုရွာက ယောကျ်ား လေးသုံးယောက်သေတယ်။ပြီးတော့ဒေါင်းကြီးရွာကယောကျ်ားလေးတယောက်၊ မိန်းကလေးတယောက် ဒဏ်ရာရတယ်။ ပြီးတော့နွားတကောင်သေတယ်”လို့ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ရဲ့စက်တပ်လေထီးတွေဟာ အုတ်ဖို့မြို့နယ်အစပ်၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာရှိတဲ့ အလယ်ကုန်းကျေးရွာဘက်ကနေ လာရောက်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလိုဗုံးလာကြဲသွားတာလို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။
ပြည်သူတွေကိုမှတ်ထားပြီးလာရောက်ကြဲချခဲ့တဲ့ဗုံးသီးတွေဟာ ဒေါင်းကြီးရွာမှ နေအိမ်အချို့ပေါ်ကို ကျရောင်ပေါက်ကွဲခဲ့ပြီးပြည်သူတွေထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း အုတ်ဖိုမြို့ နယ်၊ အိုင်ကြီးဒေါင့်ရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ နေအိမ်တလုံးပေါ်ကျရောင်ပေါက်ကွဲပြီးကလေးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရကာဆေးရုံတက်ကုသမှုခံယူခဲ့ရပါသေးတယ်။
