စက်တင်ဘာ-၄၊၂၀၂၅။အိမ်သွင်/People’s Spring
တမူးမြို့နယ်၊ နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်ရှေ့မတိုးနိုင်ဘဲပြန်ဆုတ်သွားသည်။
စစ်တပ်စစ်ကြောင်း ပြန်ဆုတ်ရပြီးနောက်စက်တင်လ ၄ ရက်ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှနှစ်ကြိမ် ဗုံးကြဲသွားသည်။ နန်မွန်းတားနှင့်ခွန်မွန်းနွမ်ရွာကြားကို ယနေ့ ညနေ ၃နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
“နန်မွန်းတားကို လာတိုက်နေတာ တစ်ပတ်လောက်ရှိပြီ။ အခုဒီကောင်တွေ ပြန်ဆုတ်သွားပြီး လေကြောင်းကနေ လာပစ်တာ”ဟုဒေသခံ တဦးကပြောသည်။

Public Service Announcement
ရှမ်းနီတပ်(SNA)နှင့် စစ်မှုထမ်းသင်တန်းဆင်းအများဆုံးပါဝင်သည့် စစ်ကြောင်းသည် သြဂုတ်လကုန်ပိုင်းတွင်နန်မွန်းတားရွာကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ နေ့စဉ်တိုက်ပွဲပြင်းထန်ခဲ့ပြီးယခုအခါပြန်လည်ဆုတ်ခွာသွားခြင်းဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကောင်စီတပ်ကမကြာခဏစစ်ကြောင်းထိုးနေသည်။ သြဂုတ်လဆန်းကလည်း စစ်ကြောင်းထိုးလာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စစ်တပ်ဖွဲ့ဝင် ၆ဦးသေဆုံးကာ သေနတ် ၉လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသော စစ်ကြောင်းအား PDF များကတိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသကထုတ်ပြန်သည်။အလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိပြီး ၊အဓမ္မစစ်မှုထမ်းခိုင်းသောစစ်သားများစွာသေဆုံးကာ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ ကြောင်းဖော်ပြထားသည်။
ထို့အပြင်စစ်တပ်ကသြဂုတ်လတွင် နန်မွန်းတားရွာဘုရားကျောင်းသို့ လေကြောင်းမှဗုံးကြဲခဲ့ပြီး အသေခံဒရုန်းများလည်းဗုံးကြဲခဲ့သည်ဟုအမှတ် (၁)စစ်ဒေသက ထုတ်ပြန်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
နန်မွန်းတားရွာသည် ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့နှင့် ၁၂မိုင်အကွာ၌ရှိသည်။တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကထိန်းချုပ်ထားပြီး စစ်တပ်က တမူးမြို့ပေါ်ကိုသာ ထိန်းချုပ်ထားသည်။
