စက်တင်ဘာ−၁၂၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ NCO(အကြပ်) အပတ်စဉ် (၂)သင်တန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့များက ရဲဘော်များတက်ရောက်ခဲ့ပြီး အာရက္ခတပ်တော်(AA)မှ သင်တန်းမှူးများက လေ့ကျင့်သင်ကြားပို့ချခဲ့ဟု သင်တန်းတက်ရောက်ခဲ့သည့် အဖွဲ့တခုဖြစ်သော Force For Federal Democracy (FFD) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ သင်တန်းသည် ၅လကျော်ကြာမြင့်ခဲ့ပြီး သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂ရက်က ကျင်းပခဲ့ဟု ဆိုသည်။
သင်တန်းဆင်းပွဲသို့ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)၊ တပ်မဟာ(၅)တပ်မဟာမှူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးများ၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူးများ၊ Force For Federal Democracy (FFD)တပ်ဖွဲ့မှ ဒု-တာဝန်ခံကိုအောင်အောင်နှင့် အခြားမဟာမိတ်ခေါင်းဆောင်များ၊တပ်မှူးများ တက်ရောက်အားပေးခဲ့ဟု FFDက ထုတ်ပြန်သည်။

Public Service Announcement
သင်တန်း၏ ထူးခြားချက်မှာ သင်တန်းကို အာရက္ခတပ်တော်(AA)မှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ Force For Federal Democracy(FFD) ၊ရန်ကုန်တိုင်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ သေမင်းတမန် (HOD-PDF)၊ ပကဖ(ကဝ)နှင့် ပကဖ(အင်းတော်)စသည်မှ သင်တန်းသူ၊သင်တန်းသားများ တက်ရောက်ခဲ့ဟု FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောပြသည်။
” အခုလို မဟာမိတ်တွေ ပေါင်းပြီးတော့ စုပေါင်းထားတဲ့ ရဲဘော်တွေကို အာရက္ခတပ်တော်က သင်တန်းမှူးတွေ သင်တန်းဆရာတွေက သင်ကြားပေးတာ ဖြစ်ပါတယ်။..။ AAက သင်တန်းမှူးတွေသင်တန်းဆရာတွေကလည်း တကယ့်ကို စစ်သားကောင်းတွေဖြစ်အောင်ခေါင်းဆောင်ငယ်ကောင်းတွေဖြစ်အောင် သေသေချာချာ စနစ်တကျ အသေးစိတ်ကအစ လေ့ကျင့်သင်ကြား ပျိုးထောင် ပေးတယ်လို့ မြင်ပါတယ်”ဟု ကိုအောင်အောင်က ပြောသည်။
လေ့ကျင့်သင်ကြားပေးသည့် AA၊ လိုအပ်သည့် ချိတ်ဆက်မှုများ စီစဉ်ဆောင်ရွက်ပေးသည့် KNLA၊ သင်တန်းတက်ရောက်ခွင့်ပေးခဲ့သည့် BPLA တပ်များကို ကျေးဇူးတင်ကြောင်းလည်း ကိုအောင်အောင်က ပြောသည်။
ယင်းသင်တန်းတွင် FFDတပ်ဖွဲ့မှ သင်တန်းသားများစွာ အောင်မြင်ခဲ့ရာ စစ်မေ ၂ဦးသည် ထူးချွန်ဆုရခဲ့ဟု အသိပေးသည်။ စစ်မေခရောင်းမှ စာပေဆုနှင့် စစ်မေကျူးလစ်တို့မှကျန်းမာရေးဆုရရှိခဲ့ဟု ကိုအောင်အောင်က ပြောသည်။
