စက်တင်ဘာ−၁၂၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို ယခုရက်ပိုင်းများအတွင်း ပြန်လည်လက်လွှတ်ခဲ့ရဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ခလရ(၂၃၆)၊ အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်းနှင့် အမြောက်တပ် (၃၆၆)၊ တင့်ကားတပ်များအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ၂၀၂၄ ဒီဇင်ဘာကစတင်သည့် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအတွင်း KIAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် လက်ကျန်တပ်စခန်းများ မဆုံးရှုံးရေးနှင့် ဆုံးရှုံးထားသည့် တပ်ရင်းများ ပြန်လည်ရရှိရေး ဗန်းမော်မြို့ကို လေကြောင်း၊ ရေကြောင်းမှ စစ်အင်အားများ ၊ ဒရုန်းအပါအဝင် စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့သည်။

Public Service Announcement
ယခုနှစ် ဩဂုတ်လဆန်းတွင် စစ်သင်္ဘောများ ဗန်းမော်မြို့ ဆိုက်ကပ်နိုင်ခဲ့ပြီးနောက် လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများဖြင့် မြေပြင်ထိုးစစ်ဆင်ခဲ့ရာ ဩဂုတ်လနှင့် ယခု စက်တင်ဘာလတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၎င်းတို့ ဆုံးရှုံးထားသည့် တပ်ရင်းဌာနချုပ် အချို့ ပြန်လည်နေရာယူနိုင်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၂ရက်တွင် စစ်ကောင်စီတပ်က ဗန်းမော်မြို့အနီးရှိ တပ်ဌာနချုပ်များ၊တပ်စခန်းများနှင့် ရပ်ကွက် ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်နိုင်ကြောင်း သတင်းထုတ်ပြန်သည်။
ယင်းနှင့်ပတ်သက်၍ ကချင်စစ်ရေးသတင်းရင်းမြစ်က “ ဟုတ်ပါတယ်။ အမတ ၃၆၆၊ သံချပ်ကာတပ်၊ ခလရ ၂၃၆ တပ်ရင်းတွေ” ဟု ပြောသည်။
စစ်ကောင်စီက လေကြောင်း ပစ်ကူ၊ဒရုန်း အားသာချက်များကြောင့် အဆိုပါတပ်ရင်းဌာနချုပ်များ လက်လွှတ်လိုက်ရဟုဆိုသည်။ တော်လှန်ရေးရဲဘော်များ ထိခိုက်ကျဆုံးနည်းစေရန် ဆုတ်ခွာရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
” သူတို့ ကြာကြာ မထိန်းထားနိုင်ပါဘူး။ ငါတို့ ရအောင် ပြန်ယူမယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်က ဗန်းမော်မြို့ရှိ နေရာအချို့အား ပြန်လည်ထိန်းချုပ်နိုင်ကြောင်း သတင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းထားဆဲဖြစ်သည်။
အဆိုပါတပ်စခန်းနေရာများ လက်မလွှတ်ရမီ ဗန်းမော်မြို့ တိုက်ပွဲများ၌ စစ်ကောင်စီတပ်အထိနာခဲ့ပြီး အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုများ ရှိကာ ပွိုင့်ဖိုက်စက်သေနတ်အပါအဝင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် KIA၊ AAနှင့် PDF ပူးပေါင်းတပ်၏ ဗန်းမော်မြို့ အလုံးစုံ ရရှိနိုင်ရေး စစ်ရေးအိပ်မက်ရပ်တန့်သွားပြီဖြစ်ကြောင်း ဝါဒဖြန့် ဖော်ပြထားသည်။
KIA သည် ၂၀၂၄ မတ်လ ၇ရက်တွင် စစ်ကောင်စီတပ်စခန်းများ၊ မြို့များကို တပြိုင်တည်း ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများဖော်ဆောင်ခဲ့ရာ တပ်စခန်းရာချီနှင့် မြို့ ၁၅ မြို့ ခန့် သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အဆိုပါ ဆုံးရှုံးထားသည့် နေရာများ ပြန်မရသေးဘဲ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေဆဲ ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ် အချို့ကို ပြန်ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ရန်သူကို အထင်သေးလို့မရသကဲ့သို့ ရန်သူကို အထင်ကြီးနေလို့လည်း မဖြစ်ကြောင်း၊ ရန်သူ့အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ရန် အရေးကြီးကြောင်း ပြောကြားထားသည်။
အာဏာသိမ်းစစ်တပ်သည် ဒရုန်းနှင့် ဂျန်ဘာ သုံးစွဲနိုင်စွမ်းမြင့်တက်လာ ကြောင်း ဝန်ကြီးက ပြောသည်။
“ ဒီနည်းပညာ ပစ္စည်းတွေနဲ့ပတ်သက်ရင် ရန်သူ့မှာ အကန့်အသတ်မရှိတင်သွင်းခွင့် ရနေပေမယ့် ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်မှာ အကန့် အသတ်ရှိနေပါတယ်။ ဒရုန်း၊ ဂျန်ဘာ သုံးစွမ်းနိုင်စွမ်း အားနည်းလာတဲ့အပေါ် ကျနော်တို့ နည်းလမ်းရှာပြီး ပြန်လည်ဖြည့်တင်းနေတယ်ဆိုတာ အသိပေးလိုပါတယ်။” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
တဖက်တွင် နည်းပညာပိုင်းမြှင့်တင်မှု ကို လုပ်ဆောင်နေသကဲ့သို့ တဖက်တွင် စစ်မြေပြင် နည်းဗျူဟာ အပြောင်းအလဲများ စီစဉ်ဆောင်ရွက်နေကြောင်း အသိပေးသည်။
စစ်ကောင်စီက အားပြန်စုပြီး စစ်မျက်နှာ အချို့၌ ထိုးစစ်ဆင်နေသည်ကိုတွေ့ရသော်လည်း အကန့်အသတ်မဲ့ ထိုးစစ်မျိုးမဟုတ်ဘဲ နေရာကွက်ပြီး အကန့်အသတ်ဖြင့် သာ လုပ်နေသည့် ထိုးစစ်မျိုးဖြစ်ကြောင်း ရှင်းပြသည်။
“တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ထိုးနိုင်စွမ်း သူ့မှာမရှိတာလည်း သေချာပါတယ်။ရန်သူ့မှာလည်း လူအင်အားအရ လက်နက်ခဲယမ်းအရ အကန့် အသတ် တွေရှိနေတယ်ဆိုတာ သတိပြုမိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
TNLAအနေဖြင့် နောင်ချိုကို လက်လွှတ်ခဲ့ရမှု၊ မန္တလေး ဒေသ PDF များ သပိတ်ကျင်းကို လက်လွှတ်ခဲ့ရမှု အခြေအနေများနှင့်ပတ်သက်ပြီးလည်း ဝန်ကြီး ဦးရည်မွန်က “အခုအချိန်က ခံစစ်တွေတိုက်ဖို့သင့်တော်တဲ့အချိန်မဟုတ်ဘူး။ အဲဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင် ပြန်ထွက်ပေးတဲ့သဘောပါ။ အခုဆိုရင် လှုပ်ရှားစစ်နဲ့ ရန်သူကို ပြန်ထိုးနေတဲ့အချိန်လို့ ပြောချင်ပါတယ်” ဟု ရှင်းပြထားသည်။
