စက်တင်ဘာ-၁၄၊၂၀၂၅။ဇော်ဝင်း/People’s Spring
စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီကနေ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ (စက်တင်ဘာ၁၄ရက်) ထုတ်ပြန်ပါတယ်။
ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မြို့နယ်တရားရုံးကနေ အမှုစီရင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတရားခံတွေက စစ်ကောင်စီနဲ့ ဆက်စပ်သူတွေဖြစ်ပြီး ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေး အကျဥ်းထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။

Public Service Announcement
စစ်ကောင်စီနဲ့ဆက်စပ်သူတွေဆီက ဘိန်းဖြူဆပ်ပြာခွက် ကိုးခွက် ၊ WY စိတ်ကြွမူးယစ်ဆေးပြား ၂,၂၄၉ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို မြို့နယ်တာဝန်ရှိသူတွေအပါအဝင် အများပြည်သူရှေ့မှောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ စစ်ကောင်စီနဲ့ဆက်စပ်သူတွေက ဘယ်သူဖြစ်တယ်ဆိုတာနဲ့ အမိန့်ပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ကန့်ဘလူ ပအဖ ကို လူထုနွဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ( ၈၈ ) ခွက်၊ဘိန်းမဲ နှစ်ပိဿာ ( ၂၅ ) ကျပ်သား နဲ့ WY စိတ်ကြွမူးယစ်ဆေးပြား ၅,၆၀၀ ကို ပထမ အကြိမ် ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူ ပအဖ က ထုတ်ပြန်ထားပါတယ်။
ကန့်ဘလူမြို့နယ်မှာ နယ်မြေပြန်စိုးမိုးဖို့အထူးသဖြင့် ရွှေဘို -မြစ်ကြီးနားလမ်းပိုင်းပေါ်က ကန့်ဘလူ ဒေသ ကို စစ်ကောင်စီက အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုး တပ်စွဲတာတွေရှိနေပါတယ်။
အမှတ် (၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၁၀)လက် အောက်ခံကလေးမြို့အခြေစိုက် ခလရ(၃၆၁) တပ်ရင်းကဦးဆောင်ပြီး ပျူစောထီးတွေနဲ့ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကန့်ဘလူမြို့နယ်အနောက်ခြမ်း၊တန့်ဆည်မြို့နယ်မြောက်ခြမ်းနှင့်ကျွန်းလှမြို့နယ်အရှေ့ တောင်ခြမ်းက ကျေးရွာ တွေမှာ သင်္ကန်းဝတ်ဝါသဝကဦးဆောင်ပြီး ပြည်သူ့စစ်တွေ ဖွဲ့စည်းထားပါတယ်။
