စက်တင်ဘာ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
မြ၀တီ-သင်္ဃန်းညီနောင်-ကော့ကရိတ်-ကျုံဒိုး ကားလမ်းတလျှောက်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးတဲ့နောက် စစ်ကောင်စီတပ်က မြ၀တီမြို့တောင်ဘက် လေးကေကော်မြို့သစ်နဲ့ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်း၊ ကျုံဒိုး-နဘူးလမ်းပိုင်းတွေကို စစ်မျက်နှာ ချဲ့ပြီး ထိုးစစ်ဆင်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်းတွေဖြစ်ကြတဲ့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပြီး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီလမ်းပိုင်းကို စက်တင်ဘာလအစောပိုင်းမှာ စိုးမိုးနိုင်ပြီလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာပါ။
ကော့ကရိတ်-သင်္ဃန်းညီနောင်-မြ၀တီ အာရှလမ်းပိုင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီတပ်က ထုတ်ပြန်ပြောဆိုထားပေမယ့် အာရှလမ်းအပါအဝင် မြ၀တီ-ကော့ကရိတ်- ဒေါနတောင်ပေါ်လမ်းဟောင်းတွေဘက်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ တစ်နေ့ နှစ်ခါသုံးခါ ထိတွေ့မှုဖြစ်တယ်လို့ ပြောတယ်” လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာကို ပြန်လည်သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ မြ၀တီမြို့အခြေစိုက် ခလရ(၂၇၅)တပ်ရင်းဌာနချုပ်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
အဲဒီနောက် ခလရ(၂၇၅)တပ်ရင်းကနေတဆင့် မြို့ တောင်ဘက်မှာရှိတဲ့ လက်ခတ်တောင်ကိုလည်းထိန်းချုပ်လိုက်ပြီး တပ်စွဲပါတယ်။
တဆက်တည်းမှာပဲ လေးကေကော်မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်စုဖွဲ့မှုတွေ လုပ်ဆောင်နေသလို ဝေဟင်ကနေလည်း ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးပစ်ကူတွေလည်း ပြုလုပ်လာပါတယ်။
ဒါကြောင့် လေးကေကော်၊ ပဟီးကလော်၊ ထီးမယ်ဝါခီး၊ ဖလူး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ လေးကေကော်မြို့နဲ့ အနီးတဝိုက်ကကျေးရွာတွေကစစ်ရှောင်ပြည်သူတွေအတွက်အစားအသောက်၊ ရေ၊ ဆေးဝါးနဲ့ အမိုးအကာနေထိုင်စရာနေရာတွေ လိုအပ်နေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ထုတ်ပြန်ထားပါတယ်။
ကော့ကရိတ်မြို့အနီးမှာရှိတဲ့ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းကိုလည်း ထိုးစစ်ဆင်နေတဲ့အတွက် မြောက်ကြာအင်း၊ လှိုင်ကွယ်၊ ဝိဇ္ဇာကုန်း၊ တောင်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“ (စစ်တပ်က) မြောက်ကြာအင်းရွာမှာ ရောက်နေပြီ ၊ ရွာသားတွေကတော့ ထွက်ပြေးကြပြီပေါ့နော်၊ တချို့ သက်ကြီးပိုင်းတွေတော့ အိမ်စောင့်အဖြစ်ကျန်ခဲ့တယ်၊ (ရွာထဲမှာ) လက်နက်ကြီးတွေတော့ မကြာခဏကျတယ်ပေါ့ ” လို့ အဲဒီ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ကားလမ်းပေါ်မှာရှိတဲ့ တောင်ကြာအင်းကျေးရွာထဲမှာ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းတစ်ခုရှိပြီးအဲ့ဒီရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်းက KNU ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားတာပါ။
ဒါ့အပြင် ကော့ကရိတ်မြို့နယ်၊ KNU တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ ကျုံဒိုး-နဘူးလမ်းပိုင်းမှာလည်းစစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုတွေဆက်လက်လုပ်ဆောင်နေတာကြောင့် ကျုံဘိုင်းတောင်တန်းတဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
