သမ္မတကို အောက်လမ်းနည်းတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်နဲ့ လူနှစ်ဦးကို ဇမ်ဘီယာ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဇမ်ဘီယာ တရားရုံးက ဇမ်ဘီယာ နိုင်ငံသား လီယိုနက်ဒ် ဖီရီနဲ့ မိုဇမ်ဘစ် နိုင်ငံသား ဂျက်စတန် မာဘူလက်ဆီ ကန်ဒွန်ဒီတို့ဟာ နိုင်ငံရဲ့ အောက်လမ်းနဲ့ စုန်းအတတ်ဆိုင်ရာ အက်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ သမ္မတ ဟာကိန်ဒီ ဟီချီလီမာကို အသက်သေဆုံးတဲ့ထိ ပြုစားဖို့ စီစဉ်နေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အဖမ်းခံခဲ့ရပါတယ်။ သူတို့ ပိုင်ဆိုင်ထားတဲ့ ပြုစားတဲ့ ပစ္စည်းတွေထဲမှာ ချမ်မယ်လီယွန်ဆိုတဲ့ အာဖရိက ပုတ်သင် အရှင်တစ်ကောင်လည်း ပါဝင်ခဲ့ပါတယ်။
သူ့ရဲ့ အမြင်မှာတော့ တရားခံ နှစ်ဦးဟာ သမ္မတရဲ့ ရန်သူဖြစ်ရုံသာ မကဘဲ ဇမ်ဘီယာ ပြည်သူ အားလုံးရဲ့ ရန်သူလည်းဖြစ်တယ်လို့ တရားသူကြီး ဖိုင်းမာယမ်ဘူက စီရင်ချက် ချမှတ်ချိန်မှာ ပြောကြားသွားပါတယ်။ ဒီကိစ္စဟာ သမ္မတကို အောက်လမ်းနည်းနဲ့ ပြုစားပြီး သတ်ဖြတ်မှုအတွက် တရားစွဲဆိုတဲ့ ပထမဆုံး အမှုအခင်း ဖြစ်တာကြောင့် ဇမ်ဘီယာမှာ လူအများရဲ့ အာရုံစိုက် စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။

Public Service Announcement
တရားခံ နှစ်ဦးဟာ အောက်လမ်းပညာ တတ်ကျွမ်းတဲ့ ဆေးဆရာတွေဖြစ်ပြီး သမ္မတ ဟီချီလီမာကို ပြုစားပြီး သတ်ဖြတ်ပေးဖို့ ပြည်ပြေး လွှတ်တော်အမတ်ဟောင်း တစ်ဦးက ငှားရမ်းထားတာလို့ စွပ်စွဲ ခံရပါတယ်။ သူတို့နှစ်ဦးအတွက် ကိုယ်စားပြုပေးတဲ့ ရှေ့နေက ပြစ်ဒဏ်ကို ဒဏ်ငွေလောက်နဲ့သာ အပြီးသတ်နိုင်စေဖို့ ကြိုးစားခဲ့ပေမယ့် တရားရုံးက ပယ်ချပြီး ထောင်ဒဏ် စီရင်ခဲ့တာပါ။
ဇမ်ဘီယာမှာတော့ စုန်းအတတ်နဲ့ အောက်လမ်းဆိုင်ရာ ဥပဒေဟာ စုန်းအတတ် တတ်သူတွေက ပြည်သူလူထုကို နှောင့်ယှက် ခြောက်လှန့်မှုတွေကနေ ဟန့်တားကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဋ္ဌာန်းထားတာပါ။
ဇမ်ဘီယာ သမ္မတ ဟီချီလီမာဟာ အာဏာရှင်တစ်ဦးဖြစ်ပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ရက်စက် ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ဖိနှိပ်နေကြောင်း ၂၀၂၄ ခုနှစ်မှာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ကြေညာထားပါတယ်။
သူ့ကို သေစေဖို့ အောက်လမ်းနည်းနဲ့ ပြုစားသူ နှစ်ဦးကို စစ်ဆေးနေတယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး ဟီချီလီမာက အစောပိုင်းမှာ မှတ်ချက်ပေးခဲ့ရာမှာ သူကတော့ အဲဒီလို အယူသီးတဲ့ ကိစ္စတွေကို မယုံကြည်ဘူးလို့ ပြောကြားဖူးပါတယ်။
ကိုးကား: Guardian
