စက်တင်ဘာ−၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်မြေပြင်စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။
သင်တန်းဆင်းပွဲ ကျင်းပသည့် နေ့ရက်၊ နေရာဒေသတို့ကို ဖော်ပြမထားသော်လည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦး နှင့် တာဝန်ရှိသူများ ၊ သင်တန်းသားများ တက်ရောက်ခဲ့သည့် အခမ်းအနားပုံရိပ်မှတ်တမ်းများကို ဖော်ပြသည်။
ယခု ကျင်းပသည့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲသည် အပတ်စဉ်(၂) ဖြစ်ပြီး အပတ်စဉ်(၁) စစ်မြေပြင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပခဲ့မှုကို ယခုနှစ် ဇွန်လ ၁ရက်တွင် ထုတ်ပြန် ထားသည်။ သင်တန်းဆင်းပွဲ ကျင်းပခဲ့မှု နှင့်ပတ်သက်၍ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးတာဝန်ရှိသူထံ မေးမြန်းရန် ဆက်သွယ်ထားဆဲဖြစ်သည်။

Public Service Announcement
လက်ရှိတွင် PDF တပ်မတော် အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ အထွေထွေထိုးစစ်ဆင်နိုင်ရန် တပ်ကို ပြင်ဆင်မှု၊ လက်နက်ခဲယမ်း မီးကျောက် နှင့် ဘဏ္ဍာငွေပိုင်း ပြင်ဆင်မှုများ လုပ်ဆောင် နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မကြာသေးမီက ပြောကြားထားသည်။
တပ်များ ပြန်လည်စုဖွဲ့ခြင်း၊ မွမ်းမံ လေ့ကျင့်ခြင်း၊ အဆင့်မြင့် သင်တန်းစီစဉ်နေသကဲ့သို့ PDF တပ်မတော်၏ အရေးကြီးသည့် ကွပ်ကဲမှု အဆင့် ဖြစ်သည့် စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ ခရိုင်စစ်ဌာန ကွပ်ကဲမှု တာဝန်ရှိသူများကို ဆက်တိုက် တာဝန်ပေးခြင်းများ ယခုနှစ်အတွင်း အထူးအားစိုက်လုပ်ဆောင်နေကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောထားသည်။
PDF တပ်မတော် စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်တွင် တိုင်းစစ်ဌာန ၁၀ခု ဖွဲ့စည်းပြီး တပ်ရင်းတပ်ဖွဲ့များကို ကွပ်ကဲ တိုက်ပွဲဝင်လျက်ရှိရာ အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် နေပြည်တော်တိုင်း စစ်ဌာန၊ ပဲခူးတိုင်း စစ်ဌာန၊ ရန်ကုန်တိုင်း စစ်ဌာန၊ ဧရာ၀တီတိုင်း စစ်ဌာနတို့ ပါဝင်သည်။
အမှတ်(၂) စစ်ဆင်ရေးနယ်မြေအနေဖြင့် ပဲခူးတိုင်းအပါအဝင် နယ်မြေအတွင်း စစ်ကောင်စီတပ်များ၊ တပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်သည့် စစ်ဆင်ရေးများအပါအဝင် စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး စစ်ရေးအရှိန်တိုးမြှင့်မည်ဟုလည်း အသိပေးထားသည်။
