စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၁)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ရွာသာကြီးစံပြကျေးရွာ လမ်းဆုံမှာ စစ်ကောင်စီက အင်တာနက်စတင်ဖြတ်တောက်ထားမှုနဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂက “ အင်တာနက်သာဖြတ်လို့ရမယ် တော်လှန်ရေးစိတ်ကိုဖြတ်လို့မရဘူး” လို့ စာသားနဲ့ စာချိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အလားတူ ဝက်လက်မြို့ မြို့လယ်က နာရီစင်မှာလည်း “ ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို လူတန်းစားအားလုံးတိုက်ထုတ်ကြ” စာသားနဲ့ မြို့ဝင်ဆိုင်းဘုတ်မှာ လူ့အခွင့်အရေးနေ့ အထူးလှုပ်ရှားမှုအဖြစ် “ ဆိတ်သုန်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” စာသားချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ်မှာလည်း မြို့နယ်သပိတ်အင်အားစု၊ ယင်းမာပင်သပိတ်အင်အားစု၊ မုံရွာပင်မလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ တကသကျောင်းသားဟောင်းများအင်အားစု ရန်ကုန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းကာ စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲဟာ စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက် တစ်ခုသာ ဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာကို ကျေးရွာတွေ လှည့်ပြီး သပိတ်တရားဟောပြောခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ “ Our Ambassador Our Voice” ၊ “ ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စာသားနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်သပိတ်၊ ကလေးမြို့နယ်လူထုသပိတ်
