စက်တင်ဘာ-၁၉၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံကြောင်းနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်နယ်က အမျိုးသား လူငယ်အစည်းအရုံး(KNYO)မှ ဦးဆောင်ကာ ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူတရပ်လုံးနဲ့အတူ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဓာတ်ပုံကမ်ပိန်းကို လုပ်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ပြည်သူများက “ Our Ambassador Our Voice” ၊ “ ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်” စာသားတို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ KNYO




















































