close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရေးအစီအမံတွေကို Signalမှာ မျှဝေခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီးရဲ့ လုပ်ရပ်ဟာ မဖြစ်သင့်တဲ့ကိစ္စလို့ ပင်တဂွန် သုံးသပ်

စစ်ရေး အစီအမံတွေကို လူအများ အသုံးပြုတဲ့ messaging ပလက်ဖောင်း တစ်ခုမှာ ဆွေးနွေးခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ လုပ်ရပ်ဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ဝန်ကြီးဌာနရဲ့ သုံးသပ်ချက် တစ်ခုက ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Bloomberg

စစ်ရေး အစီအမံတွေကို လူအများ အသုံးပြုတဲ့ messaging ပလက်ဖောင်း တစ်ခုမှာ ဆွေးနွေးခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးရဲ့ လုပ်ရပ်ဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ဝန်ကြီးဌာနရဲ့ သုံးသပ်ချက် တစ်ခုက ဖော်ပြခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ သုံးသပ်ချက်ထဲမှာတော့ ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အသုံးပြုတဲ့ ဖုန်းထဲက Signal appကို အသုံးပြုပြီး စစ်ဆင်ရေး အစီအမံတွေကို တခြား အရာရှိတွေနဲ့ ဝေမျှ ဆွေးနွေးခဲ့တာဟာ လုပ်ထုံးလုပ်နည်း မှားယွင်းတယ်လို့ ကောက်ချက် ချထားခဲ့ပါတယ်။

မတ်လတုန်းက ယီမင်နိုင်ငံမှာ ဟိုသီ ပြောက်ကျားတပ်တွေကို အမေရိကန်က လေကြောင်း တိုက်ခိုက်မှုတွေ မစခင်မှာ Signalမှာ groupတစ်ခုဖွဲ့ပြီး ဟက်ဂ်ဆက်သ်၊ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန်စ်၊ ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ ဂျွန်ရက်ကလစ်ဖ်နဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ မိုက်ခ်ဝဲ့လ်ဇ်တို့ ဆွေးနွေးခဲ့ကြတဲ့ ကိစ္စ ပေါ်ပေါက်လာ အပြီးမှာ ပင်တဂွန်က အဲဒီကိစ္စကို ပြန်လည် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဝဲ့လ်ဇ်ဟာ သတင်းဌာန အယ်ဒီတာချုပ် တစ်ဦးကို groupထဲ မှားထည့်မိလိုက်ရာက Signalမှာ အမေရိကန် ထိပ်တန်း အရာရှိတွေ စုဖွဲ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ပေါက်ကြားခဲ့တာပါ။

လုပ်ထုံးလုပ်နည်းတွေ အရဆိုရင် အခုလိုမျိုး ထိလွယ်ရှလွယ်ရှိတဲ့ စစ်ရေးအစီအမံတွေနဲ့ ပတ်သက်ပြီး အများပြည်သူ အသုံးပြုတဲ့ ပလက်ဖောင်းတွေမှာ ဆွေးနွေးခွင့် မရှိပါဘူး။ ပင်တဂွန်ကတော့ လုံခြုံရေးအရ ရာနှုန်းပြည့် စိတ်မချရတဲ့ အများသုံး ပလက်ဖောင်း တစ်ခုမှာ စစ်ရေး လျှို့ဝှက်ချက်တွေကို ဆွေးနွေးခဲ့တဲ့ ဟက်ဂ်ဆက်သ်ရဲ့ လုပ်ရပ်ဟာ အမေရိကန် စစ်သည်တွေရဲ့ အသက်ကို ထိခိုက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ကိစ္စမျိုးအဖြစ် ကောက်ချက်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပင်တဂွန်ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိချုပ်က ဟက်ဂ်ဆက်သ်ဟာ ဘယ်လို စစ်ရေး အချက်အလက်တွေကို Signalပေါ်မှာ မျှဝေ ဆွေးနွေးခဲ့သလဲ ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

အိမ်ဖြူတော်ကတော့ ဟက်ဂ်ဆက်သ်ဟာ စစ်ရေး လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ အဲဒီ သုံးသပ်ချက်ဟာ မှားယွင်းကြောင်း၊ အစီရင်ခံချက်မှာ ကောက်ချက် ချထားသလိုမျိုး စစ်ရေး လျှို့ဝှက်အဆင့် သတင်း အချက်အလက်တွေ မျှဝေခဲ့တာလည်း မရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အဲဒီကောက်ချက်ကို ခိုင်မာစေမယ့် သက်သေ ဘာတစ်ခုမှ မရှိကြောင်း၊ ဒါပေမဲ့ ဆန့်ကျင်ဖက်ကနေ သက်သေပြဖို့ အထောက်အထားတွေကတော့ အများအပြား ရှိနေကြောင်း၊ အနည်းဆုံးတော့ စစ်ဆင်ရေးကို အတိမ်းအစောင်း၊ အမှားအယွင်း နည်းနည်းလေးတောင် မရှိဘဲ ချောချောမောမော အကောင်အထည် ဖော်နိုင်ခဲ့တယ်ဆိုတာ ငြင်းလို့မရကြောင်း သူက ဆိုပါတယ်။

ဟက်ဂ်ဆက်သ်ကလည်း သူဟာ စစ်ရေး အခင်းအကျင်း၊ အစီအမံတွေကို Signalမှာ မျှဝေခဲ့ကြောင်း စွပ်စွဲချက်တွေကို ပယ်ချထားပါတယ်။ သူဟာ စုံစမ်းရေး အရာရှိချုပ်က တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုတာကိုလည်း ငြင်းခဲ့ပါတယ်။ သူ့ရဲ့ သီးခြား ကြေညာချက်မှာတော့ ဟက်ဂ်ဆက်သ်က လုပ်ပိုင်ခွင့်အရ သူဟာ စစ်ရေး လျှို့ဝှက်ချက်တွေကို ထုတ်ပြန်ပိုင်ခွင့် အပြည့်ရှိကြောင်း၊ ပြီးတော့ သူဝေမျှခဲ့တဲ့ အချက်အလက်တွေဟာ လျှို့ဝှက်အဆင့် မဟုတ်ဘဲ မျှဝေဖို့ အန္တရာယ် ကင်းတယ်လို့ သူယူဆထားတဲ့ အကြောင်းအရာတွေသာ ဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းအတွက် ‘ပစ်အားကောင်းကောင်း’မျိုး ရသွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာရှတိုက်မှာ စစ်အင်အားကို ထုတ်သုံးဖို့ တရုတ်က ပြင်ဆင်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေး လျှို့ဝှက်ချက်တွေကို ဒုတိယမြောက် Signal group chat တစ်ခုထဲမှာပါ မျှဝေထားခဲ့ကြောင်း စွပ်စွဲမှုတွေ ခံနေရတဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကာကွယ် ပြောကြားခဲ့ပါတယ်။