ဒီဇင်ဘာ-၁၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိနေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေး ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
NUG ရဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီအစဉ် ဒီကနေ့ ဒီဇင်ဘာ ၁၁ရက်မှာ ပြုလုပ်ခဲ့ရာ ဦးနေဘုန်းလတ်က အခုလိုပြောကြားခဲ့တာပါ။
” မိုးကုတ်-မိုးမိတ်နယ်မြေတွေကိစ္စနဲ့ပတ်သက်ပြီးအများစုက အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မျှော်လင့်ချက်တွေထားပြီး စောင့်ကြည့်ခဲ့ကြတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ သို့သော် ထိလွယ်ရှလွယ်ဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ် အပေါ်မူတည်ပြီး တရားဝင်ထုတ်ပြန်ချက်တွေကို အဆောတလျက် မထုတ်ပြန်နိုင်ခဲ့တာကိုတော့ နားလည်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်”လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

NUGကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းပြီး ဒေသတွင်းရှိ PDF၊ ပကဖ တပ်ရင်းတွေကို စုစည်းလျက် အမိန့်ပေးကွပ်ကဲမှုစနစ်တခုတည်းအောက်ကနေ စစ်ဆင်ရေး ကိစ္စတွေကို စနစ်တကျကွပ်ကဲဆောင်ရွက်နေခဲ့တာလို့ အသိပေးပါတယ်။
တချိန်တည်းမှာပဲ စစ်ရေးကိစ္စတွေ မစတင်ခင် ထိခိုက်လွယ်ဒေသခံပြည်သူတွေကို ဘေးလွတ်ရာရှောင် တိမ်းနိုင်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့၊ ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးနိုင်ဖို့တွေကိုလည်း အချိန်နဲ့ တပြေးညီဆောင်ရွက်ခဲ့ကြောင်း ပြောပြပါတယ်။
ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ပြီးချိန် နိုဝင်ဘာ ၃၀ရက် ညကနေစတင်ပြီး ဒီဇင်ဘာ ၆ရက်အထိ တိုက်ပွဲကြီး (၉)ပွဲ ဆင်နွှဲပြီးနောက်မှာ စစ်ကောင်စီတပ် စိုးမိုးထားတဲ့ စခန်းကုန်းကြီးတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
မိုးကုတ်-မိုးမိတ်ဟာ အရင်က တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားတာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်မှုနဲ့ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA အပစ်ရပ် သဘောတူညီချက်အရ မိုးကုတ်-မိုးမိတ်ဒေသကို စစ်အုပ်စုထံ ပြန်လွှဲပေးခဲ့တာဖြစ်ပါတယ်။
မိုးကုတ်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF တွေက တိုက်ခိုက်ခဲ့သလို မိုးမိတ်ကို ဝင်လာတဲ့ စစ်ကောင်စီတပ်ကိုလည်း နိုဝင်ဘာ ၃၀ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်မဖြစ်ဘဲ ပြန်လည်ငြိမ်သက်နေပါတယ်။

















































