ဒီဇင်ဘာ-၂၀၊ ၂၀၂၅။ ဆန်အောင်/People’s Spring
စစ်မြေပြင်အခြေပြုအခြေခံဆေးပညာသင်တန်းဆင်းပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနစိုးမိုးနယ်မြေတနေရာမှာ ကျင်းပခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၄ရက်မှာ ကျင်းပခဲ့တာဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
သင်တန်းကိုပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနက ဖွင့်လှစ်တာ ဖြစ်ပြီး သင်တန်းဆင်းပွဲကို တိုင်းစစ်ဆင်ရေးအရာရှိရဲဘော် ဘီဘီ၊ ဆေးလက်ရုံးတပ်ဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
စစ်ရေးပြအစီအစဉ်နဲ့ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် အလံ အလေးပြုတာ၊ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူသွားကြသော ရဲဘော်တွေကို အလေးပြုတာ၊ ကတိသစ္စာ တိုင်တည်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
သင်တန်းသားတွေအတွက် သင်တန်းဆင်းလက်မှတ်၊ တိုက်ပွဲဝင်ဆေးအိတ်၊ ဆေးတပ်ဖွဲ့ လက်မောင်းတံဆိပ်တွေ ပေးအပ်ခဲ့သလို သင်တန်းမှာ ထူးချွန်ဆု ရတဲ့ သင်တန်းသားတွေကို သင်တန်း ထူးချွန်ဆုတွေ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနဟာ စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ တိုင်းစစ်ဌာနဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ရက်က ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဆင်တလင်းရွာက စစ်ကောင်စီ အထိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၁၈ဦး သေဆုံးပြီး လက်နက် ခဲယမ်းတွေသိမ်းရခဲပါတယ်။ တချိန်တည်းမှာ လက်ပံတန်း ထန်းပင်ချောင်စစ်ကောင်စီ စခန်းကိုလည်း ပဲခူးတိုင်း စစ်ဌာန တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦး သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ရက်ကလည်း နတ်တလင်းမြို့နယ် ဒမငယ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုလည်း ပဲခူးတိုင်း စစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့ပါတယ်။




















































