အမေရိကန် နိုင်ငံရေး နယ်ပယ်မှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်စေခဲ့တဲ့ လိင်ကုန်ကူးမှု တရားခံ ဂျက်ဖရီ အပ်စတိန်းရဲ့ အမှုစစ်ချက် မှတ်တမ်းတွေကို အမေရိကန် တရားရေး ဝန်ကြီးဌာနက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။
အပ်စတိန်းဟာ ကလေးတွေအပေါ် လိင်အမြတ်ထုတ်မှု၊ လူကုန်ကူးမှု စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်နေရချိန် ၂၀၁၉ ခုနှစ်တုန်းက အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ သူဟာ ဒေါ်နယ်လ်ထရမ့် အမေရိကန် သမ္မတ ဖြစ်မလာခင်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ဖူးသလို တခြား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာနယ်ပယ်က အထင်ကရ ပုဂ္ဂိုလ်တွေနဲ့လည်း သိကျွမ်းခဲ့ပါတယ်။
အပ်စတိန်းကို ကြားနာ စစ်ဆေးထားတဲ့ မှတ်တမ်းတွေကို အပ်စတိန်းဖိုင်တွေလို့ ခေါ်လေ့ရှိပြီး ထွက်ချက်တွေထဲမှာ ထရမ့်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း ပါဝင်တာကြောင့် အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အဲဒီဖိုင်တွေအပေါ် အများကြီး စိတ်ဝင်စားခဲ့ပါတယ်။ အထူးသဖြင့် အပ်စတိန်း ကျူးလွန်ထားခဲ့တာတွေကို ထရမ့်က သိထားခဲ့သလား၊ ဒါမှမဟုတ် ပူးပေါင်းပါဝင်ခဲ့သလား ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ထရမ့်ကတော့ အဲဒီလို စွပ်စွဲချက်တွေ အားလုံးကို အပြတ်ငြင်းဆိုပြီး ဒီမိုကရက်တစ် ပါတီရဲ့ နိုင်ငံရေးအရ ထိုးနှက်ဖို့ အကြံအစည်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ထရမ့်ရဲ့ အစိုးရဟာ အပ်စတိန်းဖိုင်တွေ အားလုံးကို အစုံအလင် လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ တောက်လျှောက် ငြင်းဆန်ခဲ့ရာကနေ မကြာခင်မှာတော့ ဖိုင်တွေကို ထုတ်ပေးဖို့ တရားရေး ဝန်ကြီးဌာနဆီ ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီ မတိုင်ခင်တုန်းကတော့ အပ်စတိန်းဖိုင် တချို့ကို ထုတ်ပေးခဲ့ပေမယ့် အကန့်အသတ်တွေ ကြီးကြီးမားမား ရှိခဲ့ပါတယ်။

Public Service Announcement
ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ တရားရေး ဝန်ကြီးဌာနဟာ အပ်စတိန်းဖိုင်တွေကို စတင် ထုတ်ပေးနေပြီး အဲဒီထဲက အများအပြားမှာတော့ တည်းဖြတ်မှုတွေ ရှိနေပါတယ်။ စစ်ဆေးကြားနာမှုတွေထဲက ဓာတ်ပုံမှတ်တမ်းမျိုးတွေမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်အရ လူပုဂ္ဂိုလ် အများအပြားရဲ့ မျက်နှာတွေကို ဖုံးကွယ်ပေးထားတာမျိုးကို တွေ့ရပါတယ်။
ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ Rolling Stones ဂီတအဖွဲ့ အဆိုတော် မစ်ခ်ဂျက်ဂါတို့က အပ်စတိန်းရဲ့ ကုမ္ပဏီထဲမှာ ရှိနေတာကို တွေ့ရပါတယ်။
ထရမ့်ရဲ့ အမိန့်အရ အပ်စတိန်းဖိုင်တွေကို ဖွင့်ချလာခြင်းကြောင့် အမေရိကန် အစိုးရဟာ အပ်စတိန်းကိစ္စမှာ ဖုံးကွယ်ထားမှုတွေ ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်း သီအိုရီတွေကို ဖြေရှင်းနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
စတင်ထုတ်ပေးလိုက်တဲ့ မှတ်တမ်းဖိုင်တွေထဲမှာတော့ ဝတ်လစ်စားလစ်၊ ဒါမှမဟုတ် မလုံ့တလုံ ဖြစ်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပုံတွေလည်း ပါခဲ့ပြီး မျက်နှာတွေကိုတော့ ဖုံးကွယ်ပေးထားခဲ့ပါတယ်။ တရားရေး ဝန်ကြီးဌာနကတော့ အခု တည်းဖြတ်မှုတွေဟာ ထိခိုက်နစ်နာသူတွေရဲ့ သတင်းအချက်အလက်တွေကို အကာအကွယ် ပေးဖို့ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
အိမ်ဖြူတော်ကတော့ အခု ထုတ်ပေးလိုက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေထဲမှာ ကလင်တန် ပါဝင် ပတ်သက်နေတာကို ဦးတည် ပစ်မှတ်ထားပြီး ထိုးနှက်ခဲ့ပါတယ်။ အိမ်ဖြူတော် ဆက်သွယ်ရေးဌာန ဒါရိုက်တာ စတီဗင်ချွန်းနဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်တို့ဟာ အပ်စတိန်းနဲ့ ကလင်တန် ပတ်သက်မှုတွေကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အသီးသီး မျှဝေထားခဲ့ကြပါတယ်။
ဒီမိုကရက်တစ် ပါတီရဲ့ အထက်လွှတ်တော် အစုအဖွဲ့ခေါင်းဆောင် ချက်ခ်ရှူးမားက အပ်စတိန်းဖိုင်တွေကို တစ်ဝက်တစ်ပျက်သာ ထုတ်ပြန်သေးတာနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပြီး ထရမ့်ဟာ အကျည်းတန်ခဲ့တဲ့ အတိတ်ကို ဖုံးကွယ်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲသွားပါတယ်။
လေ့လာသူတွေကတော့ အသစ်ထုတ်ပြန်လာတဲ့ မှတ်တမ်းတွေက အပ်စတိန်းဟာ သူ့ရဲ့ မကောင်းမှုတွေကို ဘယ်လို ကျူးလွန်ခဲ့သလဲ၊ ဘယ်သူတွေက သူ့ကို ကူညီခဲ့သလဲ၊ သူ့ရဲ့အမှုကို တရားစွဲဆိုဖို့ ဘာကြောင့် နှစ်တွေနဲ့ချီ နှောင့်နှေးမှုတွေ ရှိခဲ့သလဲ ဆိုတာတွေကို အဖြေထုတ်ရာမှာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း မှတ်ချက်ပေးထားကြပါတယ်။
ကိုးကား: AFP
















































