အနောက်နိုင်ငံတွေကသာ ရုရှားကို လေးစားမှုနဲ့ ဆက်ဆံမယ်ဆိုရင် နောက်ထပ် ဘာစစ်ပွဲမှ မရှိစေရဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။
သူက ယူကရိန်းနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲသာ ပြီးဆုံးသွားရင် ရုရှားရဲ့ မြားဦးဟာ ဥရောပဖက် လှည့်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း ပယ်ချသွားခဲ့ပါတယ်။ သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားတဲ့ အခမ်းအနား တစ်ခုမှာ ယူကရိန်း ပဋိပက္ခ နောက်ဆက်တွဲ ရုရှားရဲ့ နောက်ထပ် စစ်ရေး အစီအမံတွေက ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ BBCရဲ့ မေးခွန်းကို ပူတင်က ရုရှားဟာ လေးလေးစားစား ဆက်ဆံတာ ခံရမယ်ဆိုရင် နောက်ထပ် ဘာစစ်ဆင်ရေးမှ ရှိမှာ မဟုတ်ကြောင်း၊ ရုရှားက ပြသဖို့ အမြဲတမ်း ကြိုးစားနေတဲ့ လေးစားမှုမျိုးကို တစ်ဖက်ကလည်း ပြန်လည် ပြသဖို့တော့ လိုကြောင်း ပူတင်က ပြန်ဖြေသွားခဲ့ပါတယ်။
လဆန်းပိုင်းတုန်းက ပူတင်ဟာ ရုရှားအနေနဲ့ ဥရောပနဲ့ စစ်ခင်းတိုက်ခိုက်ဖို့ လုံးဝ အစီအစဉ် မရှိပေမယ့် ဥရောပဖက်က လိုလားရင်လည်း စစ်တိုက်ဖို့ အသင့်ရှိတယ်လို့ ကြုံးဝါးခဲ့ဖူးပါတယ်။ တကယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က အရင်တုန်းကလို စည်းဖောက် လိမ်လည်ပြီး အရှေ့ဖျား နယ်နိမိတ်ကို ပိုချဲ့ထွင်ဖို့ မကြိုးစားဘူးဆိုရင် ရုရှားကလည်း ဘယ်နိုင်ငံကိုမှ ကျူးကျော်မှာ မဟုတ်ကြောင်း ပူတင်က နောက်ထပ် မေးခွန်းတစ်ခုနဲ့ ဆက်စပ်ပြီး ဖြေကြားခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ ယူကရိန်းရဲ့ NATO အဖွဲ့ဝင်ဖြစ်ရေး အားထုတ်မှုကို တားဆီးဖို့ကလည်း တစ်ခု အပါအဝင် ဖြစ်တယ်လို့ ပူတင်က အကြောင်းပြထားပါတယ်။

Public Service Announcement
ပူတင်က အနောက်နိုင်ငံတွေဟာ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် ၁၉၉၀ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဗာချော့ဗ်ဆီ ပေးခဲ့တဲ့ ကတိကို ချိုးဖောက်ပြီး အရှေ့ဖျား နယ်နိမိတ်ကို ချဲ့ထွင်ခဲ့တယ်လို့လည်း စွပ်စွဲဖူးပါတယ်။ ဂိုဗာချော့ဗ်ကတော့ သူနဲ့ NATOကြားမှာ အဲဒီလို ကတိမျိုး ထားရှိခဲ့တယ် ဆိုတာကို နောက်ပိုင်းမှာ ငြင်းဆိုထားပါတယ်။
ပူတင်ဟာ ဒီဇင်ဘာ ၁၉ ရက်နေ့တုန်းက ဂျာနယ်လစ်တွေနဲ့ ပြည်သူတွေဆီက ပေးပို့တဲ့ မေးခွန်းတွေကို မော်စကိုမှာရှိတဲ့ ခန်းမဆောင် တစ်ခုကနေ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတွက် စုစုပေါင်း မေးခွန်း ၃ သန်းလောက် လက်ခံရရှိခဲ့တယ်လို့ ရုရှား အစိုးရ မီဒီယာက ဖော်ပြသွားပါတယ်။
Direct Lineလို့ နာမည်ပေးထားတဲ့ အဲဒီအစီအစဉ်မှာ ပူတင်က ပြန်ဖြေတဲ့ မေးခွန်းတွေကို သေချာစိစစ် ရွေးချယ်ထားပေမယ့် ရုရှားဖက်က သဘောထား မှတ်ချက်တွေကို ထုတ်ပြတာတာကြောင့် နိုင်ငံတကာ မီဒီယာတွေက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။
၄ နာရီခွဲလောက် ရှည်လျားတဲ့ အမေးအဖြေ အစီအစဉ် မတိုင်ခင်မှာ ရုရှားရဲ့ ဒုံးကျည်တစ်စင်းက ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာ ဒေသကို ထိမှန်ခဲ့တာကြောင့် လူ ၇ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: BBC
















































