ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ရက်မှာ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။
ဒေါက်တာစိန်ဝန်းဟာ တိုင်းကျိုး၊ပြည်ကျိုးသယ်ပိုးရာမှာ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း တို့ဖြင့် အာဇာနည်မျိုးရိုးရဲ့အစဥ်အလာကို ထွန်းပြောင်စေခဲ့သူတဦးဖြစ်တယ်လို့ NLD ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

Public Service Announcement
ဒေါက်တာစိန်ဝင်းဟာ အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးဘဝင်းရဲ့သားဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တူ၊ NLDပါတီဥက္ကဋ္ဌ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲအကိုတော်စပ်သူဖြစ်ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီပါတီကိုယ်စားပြု ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပြီး ပြည်သူလူထုမျှော်မှန်းသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ရရှိရေးတို့အတွက် ဘဝတသက်တာ ကာလပတ်လုံး မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း NLD ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းအပေါ် PNFCကလည်း ဝမ်းနည်းကြောင်း ဖော်ပြပါတယ်။
ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ NCGUBဟာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အားဖွဲ့စည်းပေးခဲ့တဲ့ ၂၀၀၉ ခုနှစ် ပအိုဝ်းအမျိုးသားညီလာခံကြီးသို့ သဝဏ်လွှာပေးပို့ဂုဏ်ပြုခဲ့သလို PNLOနဲ့ NCGUB ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးကို လက်တွဲဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
တော်လှန်ရေးကာလတလျောက်လုံးမှာ ပအိုဝ်းအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပြည် သူလူထုအပေါ် ရိုးရိုးကျင့်မြင့်မြင့်ကြံကာ စွန့်လွှတ်အနစ်နာခံဆောင်ရွက်ခဲ့သော ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနဲ့ လက်တွဲဆောင်ရွက်ခဲ့ရတာကို အထူးအောက်မေ့ သတိရစွာနဲ့ မှတ်တမ်းတင် ဦးညွှတ်ဂုဏ်ပြုကြောင်း PNFCရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းဟာ လက်ရှိ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PNLO ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တိုက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပိုခဲ့ပြီးဒေါက်တာစိန်ဝင်းရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ နိုင်ငံအပေါ် ထားရှိတဲ့ သစ္စာတရားတို့ကို ဂုဏ်ပြုကြောင်း လေးစားကြောင်း ဖော်ပြထားပါတယ်။
ဒေါက်တာစိန်ဝင်းဟာ အာဏာရှင်စနစ်အောက်မှာ အသံမထွက်နိုင်တဲ့ မြန်မာပြည်သူတိုရဲ့ အသံ၊ ပြည်သူတိုရဲ့ဆန္ဒနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို နိုင်ငံတကာစာမျက်နှာမှာ တာဝန်ယူကိုယ်စားပြုဖော်ဆောင်ခဲ့တဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဆယ်စုနှစ်နှစ်ခုကျော်ကြာထမ်းဆောင်ခဲ့သူဖြစ်တယ်လို့လည်း NUG က ပေးပို့ခဲ့တဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

















































