ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲနေပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ရခိုင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်တော်မြို့အနောက်ဘက် အာကာတောင်တန်းနဲ့ ပီချောင်းဒေသဘက်ကို ဒီနေ့ ဧပြီ ၂၂ မွန်းလွဲ ၂နာရီခန့်ကစပြီး ဗုံးကြဲနေတာလို့ ဆိုပါတယ်။
” ဒေသခံတွေရော၊ စစ်ရှောင်တွေပါ ရှိတဲ့နေရာတွေကို ကြဲသွားတာ။ လေယာဉ်တွေက တက်နေတုန်းပဲ။ ဘယ်လိုမှ အလုပ်လုပ်မရဘူး။ ဒီနေ့လည်း ဒေသခံတွေ ထိတယ်ကြားတယ်” လို့ ရခိုင်စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

Public Service Announcement
နေ့လည် ၂နာရီကနေ ၃နာရီခန့်အတွင်း ဗုံး ၁၂လုံးကြဲသွားပြီး ကယ်ဆယ်ရေးအတွက် အရေးပေါ်အခြေအနေဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီက ကျောက်တော်မြို့နဲ့ ပလက်ဝမြို့နယ်မှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကိုလည်း ယခုရက်သတ္တပတ်အတွင်း ဂျက်ဖိုက်တာ ၅စီး၊ Y12 ၂စီးနဲ့ တချိန်တည်းမှာ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့အာရက္ခတပ်တော်(AA)က ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၉ရက်မှာ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်တဲ့ပုံစံပြောင်းလာပြီး သတိပြုကြဖို့ AAနဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးကြပါတယ်။
ရခိုင်ပြည်နယ် လေကြောင်းတိုက်ခိုက်ရာမှာ ဂျက်တိုက်လေယာဉ် ၂စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်းသုံးတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ပိုမိုသတိရှိကြဖို့ AAက သတိပေးပါတယ်။





















































