close
Connect with us

Hi, what are you looking for?

အတွေးအမြင်

“ ခြိုးခြံချွေတာ တော်လှန်ပါ”

မက်ဆင်ဂျာရဲ့ ခရာသံကြောင့် ဖုန်းကို ကောက်ဖွင့်ကြည့်လိုက်တော့ ရုပ်သံဖိုင်တစ်ခုကို တွေ့ရတယ်။

(သရုပ်​ဖော်ပုံ- AI )

-လင်းဆက်ငြိမ်းချမ်း​ရေးသားသည်။

မက်ဆင်ဂျာရဲ့ ခရာသံကြောင့် ဖုန်းကို ကောက်ဖွင့်ကြည့်လိုက်တော့ ရုပ်သံဖိုင်တစ်ခုကို တွေ့ရတယ်။

ရုပ်သံဖိုင်ရဲ့ အောက်မှာတော့ “မကြည့်မဖြစ် ကြည့်ကို ကြည့်ရမယ့် ရုပ်သံ”လို့ ညွှန်းဆိုထားတဲ့ စာအတိုလေး။ ကျနော့်ဘကြီးက ပေးပို့ခြင်းဖြစ်တယ်။

ဘကြီးကညွှန်းဆို ပေးပို့ချက်ဖြစ်ပေမဲ့ အလွန်ဆုံးတစ်ရက် လောက်ကြာရင် ရုပ်သံကြည့်ပြီးပြီလားလို့ ဖိအားပေး စာမေးပွဲစစ်လေ့ရှိတာကြောင့် ညွှန်ကြားချက်လို့ဆိုရ မယ့်ပေးပို့ချက်။ဘကြီးက သူ့နိုင်ငံရေးခံတွင်းနဲ့ လိုက်ဖက်တဲ့အရသာတွေကို အခုလိုမျိုး ပေးပို့နေကျ။ကျနော်မှမဟုတ် ၊ကျနော်တို့ဆွေမျိုးစုထဲက စစ်အာဏာရှင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရသလိုဆန့်ကျင်နေသူတွေဆီ ပေးပို့ လေ့ရှိသလိုအသက်၈၀ကျော်ပြီဖြစ်တဲ့ ဘကြီးက အသက်ကြီးခြင်းရဲ့သင်္ကေတ၊ သူပေးပို့တာ မှန်သမျှ ကြည့်မှ ဖတ်မှ ကျေနပ်လေ့ရှိတဲ့အစား။

Public Service Announcement

Public Service Announcement

ဒါနဲ့၊နေ့မကူးခင် ဘကြီးပေးပို့တဲ့ ရုပ်သံဖိုင်ကို ဖွင့်ကြည့်လိုက်တော့ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက် တာဇော်ဝေစိုး ပြောကြားထားတဲ့ ရုပ်သံဖိုင်တစ်ပိုင်းတစ်စ။၂၀၂၆ ဖေဖေါ်ဝါရီ၂၁ ရက်သတင်းစာရှင်းလင်းပွဲအ ပြီး ပွက်လောရိုက်သွားခဲ့တဲ့ အင်္ကျီတစ်ထည်ကိစ္စနောက်ဆက်တွဲ ရှင်းလင်းချက်။

မကြည်ပြာပြဿနာ သတင်းစာရှင်းပွဲမှာ ဒေါက်တာဇော်ဝေစိုးပြောကြားခဲ့တဲ့ နွေဦးတော်လှန်ရေး ကာလ အင်္ကျီတစ်ထည်ဝယ်ဖို့တောင် စဉ်းစားရတယ်ဆိုတဲ့စကားက ကျနော့်သိမှုမှာ တစ်စုံတစ်ရာ အမှားမပါ ပေမဲ့ လူမှုကွန်ရက်ပေါ်မှာ တော်တော် ဗွက်ထခဲ့တယ်။တချို့က ပိုနိုင်ရန်ကောလို့ ထင်မှတ်လို့လား မပြောတတ်။ ဆရာကြီး မဝယ်နိုင်ရင် လက်ဆောင်ပို့ ပေးပါ့မယ်တဲ့။ ရိတိတိ ရွဲ့တဲ့တဲ့။

နွေဦးကို အကြောင်းပြုလို့ အ မေရိကန်သို့ ရောက်ရှိခိုလှုံနေသူတစ်ဦးကလည်း ဒေါက်တာဇော်ဝေစိုးရဲ့ အင်္ကျီတစ်ထည်ကို မိုက်ခရိုစကုပ်ပေါ် တင် ပုံကြီးချဲ့ ဟန်ရေးပြနေတာ တွေ့ရတယ်။မဲဆောက်မြို့က လက်ညှိုးထိုး အပြစ်ရှာကီးဘုတ်ဖိုက်တာတစ် ဦးကလည်း အချက်အလက်မရှိလက်ညှိုးကို ငေါက်ငေါက်ထိုးလို့။ NUGအပေါ် အစာမကျေတာကြောင့်လည်းဖြစ်နိုင်တယ်။NUGအစိုးရရဲ့မကြည်ပြာပြဿနာကိုင်တွယ်မှုအပေါ် ဘဝင်မကျရာကနေထိရာမိရာ ပြောမိ ပြောရာတွေလားလို့လည်း ဖော့တွေးမိ။တော်လှန်ရေးခရီးက နည်းနည်းကြာလာတော့ အညောင်းမိကြတာ လည်း ပါမှာပေါ့။

ဒေါက်တာဇော်ဝေစိုးက အခုရုပ်သံဖိုင်မှာ ရှင်းထားတယ်။ အင်္ကျီတစ်ထည် မဝယ်ဘူးဆိုတာ မဝယ်နိုင် တာမဟုတ်၊တမင် ဝယ်မဝတ်တာလို့ ဆိုတယ်။ပြီးတော့ “ကျနော် ချို့တဲ့နေတာ မဟုတ်ပါဘူး။ကျနော်ခြိုးခြံ ချွေတာနေတာ ဖြစ်ပါတယ်။ဘာ့ကြောင့် ခြိုးခြံချွေတာနေတာလဲဆိုတော့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအတွက် ဖြစ်ပါတယ်”လို့လည်းဒေါက်တာဇော်ဝေစိုးက ဆက်ရှင်းပြတယ်။

ဒေါက်တာဇော်ဝေစိုးရဲ့ ရှင်းလင်းချက်ကို ချုပ်ရရင် ဝယ်နိုင်တယ်၊မဝယ်။ ဒီကာလမှာ ခြိုးခြံချွေတာရ မယ်ဆိုတဲ့ အလင်းပြချက်။ဒေါက်တာဇော်ဝေစိုးရဲ့လာရာ ပထမစာမျက်နှာကို သိပ်မသိဘူးဆိုတဲ့လူတွေတောင် အထူးကုဆရာ ဝန်ကြီးဆိုတာလောက်တော့ သိကြတယ်။တိတိကျကျပြောရရင် အရိုးအကြောခွဲစိတ် အထူးကုဆရာဝန်ကြီး။ ပြီးတော့ ရန်ကုန်မြို့ဆေးတက္ကသိုလ်တွေမှာ ပါမောက္ခချုပ် လုပ်ခဲ့သူ။NLDအစိုးရလက်ထက် ကိုဗစ်တိုက်ပွဲမှာ ဦးဆောင်မှုပေးနိုင်ခဲ့သူတစ်ဦး။

ရန်ကုန်မြို့ပေါ်က နာမည်ကြီးဆရာဝန်ကြီးတွေရဲ့ တစ်လဝင်ငွေဟာ မြို့ပြ လူ လတ်တန်းစားတွေတောင်ပါးစပ်အဟောင်းသားဖြစ်ရတဲ့အထိ များပြားတယ်ဆိုတာအားလုံးကသိပြီးသား။ဒေါက်တာဇော်ဝေစိုးရဲ့ ပိုင်ဆိုင်မှုဟာအင်္ကျီတစ်ထည်ဝယ်ဖို့မပြောနဲ့၊ မြို့ပြမှာ ဘာအလုပ်မှမလုပ်ဘဲ နှစ်အတန်ကြာ ဇိမ်ကျကျ ထိုင်စားနိုင်တာအသေအချာ။

ဒေါက်တာဇော်ဝေစိုးဟာဒီနွေဦးမှာရွှေဘုံနန်းထက်ကဇိမ်ခံစရာတွေ ပြည့်နေတဲ့ပညာရှင်တစ် ယောက်ရဲ့ ဘဝကို စွန့်ကာ တော်လှန်ရေးခရောင်းလမ်းပေါ် ရဲရဲဝံ့ဝံ့လျှောက်လှမ်းခဲ့တယ်။ NUGအစိုးရဝန်ကြီး ဖြစ်လာတယ်။NUGဝန်ကြီးဘဝနဲ့ အနောက်ကမ္ဘာသို့ ခြေဆန့်ခဲ့တယ်။ဒေါက်တာဇော်ဝေစိုးဟာ နိုင်ငံကြီးတစ် နိုင်ငံမှာ သူ့ဆေးပညာကျွမ်းကျင်မှုနဲ့ အခြေချရပ်တည်ဖို့ရာ မခက်ပေမဲ့ ပြည်တွင်းကို ရောက်အောင်ပြန်လာ ကာ တော်လှန်ရေးလမ်းပေါ်မှာပဲ မာဂုဏ်မြင့်။ နွေဦးတော်လှန်ရေးက ပညာရှင်တစ်ယောက်ကို တော်လှန်ရေး ခေါင်းဆောင်တစ်ယောက်အဖြစ် မွေးထုတ်ပေးခဲ့တယ်။

လွတ်မြောက်နယ်မြေဆိုတာ ဘယ်သူ့အတွက်မဆို ဇိမ်ခံစရာ ပါးရှားတဲ့နေရာ။ ဒေါက်တာဇော်ဝေစိုး က ညီးညူခြင်းလည်းမရှိ၊ စွန့်လွှတ်အနစ်နာခံနေသူကြီးပမာ မသိမသာ ကိုယ့်ကိုယ်ကိုယ်ပရိုမိုးရှင်း လုပ်နေ ခြင်းလည်း မရှိ။ပြီးတော့ ရသလောက်အခွင့်အရေး သိမ်းကျုံးယူကာ အခွင့်ထူးခံလုပ်နေတယ်လို့လည်း မကြား မိ။ သူ့အလုပ်နဲ့သူ၊ သူ့လမ်းနဲ့သူ။ဒါပေမဲ့၊ပညာရှင်ဘဝတုန်းကကြုံရခဲတဲ့လက်ညှိုးတွေကိုတော့ ကြံ့ကြံ့ခံရမယ့်ပုံ။ထားတော့။

နောက်တစ်ရက်၊ ဘကြီးဆီက ဖုန်းဝင်လာပြီး စာမေးပွဲစစ်တော့ ရုပ်သံဖိုင်ကြည့်ပြီးကြောင်းနဲ့ ဘကြီး ပို့လိုက်တဲ့ ဖိုင်ဟာ မီဒီယာတစ်ခုနဲ့ ဒေါက်တာဇော်ဝေစိုး တွေ့ဆုံမေးမြန်းခန်းထဲက အင်္ကျီကိစ္စ ပြောကြားချက် ကို ဖြတ်ယူထားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်တော့ ကျေနပ်သွားတယ်။

“လူဆိုတာ ကိုယ်မလုပ်နိုင်တဲ့အရာ လုပ်နိုင်နေတဲ့သူတွေကို တန်ဖိုးထားလေးစားတတ်ဖို့လိုတယ်။ ပြီး တော့ ပညာရှင် သူဌေးတစ်ယောက်ဖြစ်တဲ့ ဆရာကြီးဒေါက်တာဇော်ဝေစိုးရဲ့ခြိုးခြံချွေတာရေးလမ်းညွှန်ချက် ကို လက်တွေ့ ကျင့်ကြံကြဖို့လိုတယ်”လို့ ဘကြီးက ပြောတယ်။

ဘကြီးက လယ်သမားကြီးဘဝကနေ တောသူဌေးဖြစ်လာခဲ့တဲ့သူ။ပေးကမ်းစရာသားသမီးမြေးမြစ် မရှိ၊မိန်းမကလည်း ကွယ်လွန်။ ဒီနေ့အချိန်ထိ ဘကြီးရဲ့ လစဉ်ဝင်ငွေက အသက် ၈၀ ကျော်အရွယ်တစ်ယောက် တောအထွာနဲ့ စိတ်ကြိုက်ဇိမ်ခံရင်တောင် ပိုလျှံနေသေး။ ဒါပေမဲ့၊ဟောဒီနွေဦးမှာ အဲကွန်းဖြတ်၊ ပိုက်ဆံကုန် ပေါက် သွားသွားလာလာ ခရီးစဉ်တွေကို ဖြတ်၊ ဘာသာသာသနာအလှူအတန်းတွေ ဖြတ်၊လက်ဖက်ရည်ဆိုင် မှာ ရက်ရက်ရောရော ငွေရှင်းတတ်တဲ့အလေ့ကိုလည်းဖြတ်။အရင်တုန်းက အုပ်ကြီးတို့ဘာတို့ ကိုင်လေ့ရှိတဲ့ ဝေါ်ကီတော်ကီစတိုင် ခလုတ်ဖုန်းအဟောင်းကြီးကိုသာ စွဲစွဲမြဲမြဲကိုင်လို့ ဒီနွေဦးရဲ့ ထောက်ပို့တပ်သားကြီး တစ် ဦးအဖြစ် တိုးတိုးတိတ်တိတ် တက်တက်ကြွကြွ လက်သီးကို ကျစ်ကျစ်ပါဆုပ်လို့။

မသေခင် တာဝန်သိနိုင်ငံသားတစ်ယောက်အဖြစ်နဲ့ တာဝန်ကျေသွားချင်တယ်။မသေခင်မှာမင်းအောင်လှိုင်ပြုတ်တာ မြင်သွားချင်တယ်တဲ့။ နဂိုကတည်းကကျန်းမာရေး လိုက်စားကာ စနစ်နဲ့ နေထိုင်တတ် သူ။ အခုလည်း မနက်ခင်း လမ်းလျှောက်လေ့ကျင့်ခန်းမပျက် ဒီနေ့ထိ ဒေါင်ဒေါင်မြည်။

“ဘကြီးကိုယ်တိုင်လည်း အာဏာသိမ်းပြီးကတည်းကဘာအဝတ်အစားမှ မဝယ်ခဲ့ဘူး။ အရင်က တစ်လတစ်ခါ ဆံပင်ညှပ်ရမှ နေသာထိုင်သာရှိတာ။ဒီဘက်နောက်ပိုင်း ၂လကျော်၊၃လ နေလို့အဆင်မပြေ တော့မှ ညှပ်တော့တယ်”လို့ဘကြီးက ဂုဏ်ယူစွာပြောကာ ဖုန်းချသွားတယ်။အတတ်နိုင်ဆုံး ခြိုးခြံရမယ်၊ ကိုယ်တတ်နိုင်တဲ့ငွေ တော်လှန်ရေးအတွက် ထည့်ဝင်ရမယ်။ နိုင်ငံရေးတွေဘာတွေ သိပ်နားမလည်ပေမဲ့ ဘကြီးရဲ့ နိုင်ငံရေးအသိက ခိုင်ခိုင်မာမာ။

ပြီးခဲ့တဲ့သင်္ကြန်မတိုင်ခင်ကပဲ ဘကြီးနဲ့အတူနေ ကျနော့်ညီဝမ်းကွဲက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် စက်ဘီးစီးနေတဲ့ ဘကြီးရဲ့ဓာတ်ပုံကို တင်လိုက်တာနဲ့ မနေနိုင်လို့ ဖုန်းဆက်မေးကြည့်မိ။

“ဆီဈေးကြီးလာလို့ ကားနဲ့ ဆိုင်ကယ်မစီးဘူးဆိုပြီးဘကြီးပစ်ထားတဲ့ စက်ဘီးအဟောင်းကို ပြန်ရှိုင်း ပြီး စီးနေတာ”လို့ ညီဝမ်းကွဲက ပြောပြတယ်။

အီရန်စစ်ပွဲကြောင့် စက်သုံးဆီတွေ ငယ်သံပါနေတာကြောင့် ကျနော်တို့မြို့လေးမှာ ဓာတ်ဆီတစ်လီ တာ ပြင်ပပေါက်ဈေး ကျပ်နှစ်သောင်းထိတောင် အပေါ်လေမိနေတဲ့အချိန်။ဆီဆိုင်မှာ တန်းစီဝယ်မယ်ဆိုရင် ဆီလေး နှစ်လီတာလောက် ရဖို့အရေး တစ်ရက်ကြိုတန်းစီ၊ အအိပ်ပျက် အစားပျက် နေပူကြီးထဲ ကျန်းမာရေး ထိခိုက်။

ဒါ့ကြောင့်ဘကြီးကတန်းလည်းမစီ၊ပြင်ပဈေးကွက်ကလည်း မဝယ်။ဆီဈေးပုံမှန်အခြေမရောက်မ ချင်း ကားနဲ့ဆိုင်ကယ် မစီး။ ဘကြီးအမှတ်တရ သိမ်းထားတဲ့ သူ့အန်းဒိတ် အင်္ဂလန်မိတ် ရလေးစက်ဘီးကို ပြန် လည်မွမ်းမံကာ လူငယ်လေးတစ်ယောက်လို ဟိုနားဒီနား ချီတက်။ဘကြီးရဲ့ ခြိုးခြံမှုက အဲဒီလို လက်တွေ့ကျ ကျ။

သင်္ကြန်တွင်းမှာ ဘကြီးဆီက ဖုန်းဝင်လာတယ်။ “ဘကြီးလည်း ငါ့တူကြီးလိုပဲ စက်ဘီးစီးနေပြီ”လို့ ဂုဏ်ယူစွာနဲ့ ဆိုတယ်။ဆိုင်ကယ်ဝယ်စီးရင် လစဉ် ဆိုင်ကယ်စီးခ လိုင်းကြေးဘတ်၁၀၀၀ ထိုင်းရဲတွေကို ပေးရတာဆိုတော့ ရဲပေးရမယ့်ဘတ်၁၀၀၀ တော်လှန်ရေးအတွက်ပဲ လှူမယ်ဆိုတဲ့စိတ်နဲ့ မဲဆောက်မှာကျနော်ဟာ ဂျောက်ဂျက်စက်ဘီးတစ်စီးနဲ့ လွင့်နေတာ ဘကြီးသိတယ်။

ကျနော်တို့ တူဝရီး ဒေါက်တာဇော်ဝေစိုးရဲ့ ခြိုးခြံခြင်းတရားကို ကြိုက်တယ်။ကျနော်တို့ အသက်ပေး မတိုက်နိုင်တော့နိုင်ရာဝန်ထမ်းပြီးတိုက်တယ်။ စက်ဘီးစီးတယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခြိုးခြံနည်း လို့လည်း ဘကြီးက ကိုယ့်ငါးချဉ်ကိုယ်ချဉ်လိုက်သေးတယ်။ ။

ဆက်စပ်သတင်းများ