Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား ဂြိုဟ်တု လွှတ်တင်ချိန် ဒုံးပျံ အစိတ်အပိုင်းတွေ ပြုတ်ကျလာရင် ပစ်ချဖို့ ဂျပန် စီစဉ်ထား

လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ရာမှာ ပိုမိုခေတ်မီ ထိရောက်တဲ့ လောင်စာတောင့် နည်းပညာကို ပထမဆုံးအကြိမ် လက်တွေ့ အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားက ဂြိုဟ်တု လွှတ်တင်တဲ့အချိန် ဒုံးပျံ အစိတ်အပိုင်းတွေ နိုင်ငံပိုင်နက်ထဲ ကျဆင်းလာရင် ကြားဖြတ် ပစ်ချဖို့ ဂျပန် အစိုးရက စစ်တပ်ကို အမိန့်ပေးထားလိုက်ပါတယ်။

မြောက်ကိုရီးယားက နိုင်ငံရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေး သူလျှို ဂြိုဟ်တုတွေ လွှတ်တင်ဖို့ အသင့်ဖြစ်နေပြီလို့ ကြေညာခဲ့တဲ့နောက် ဂျပန်က နိုင်ငံရဲ့ လေပိုင်နက်ကို ထိပါးခံလာရမယ့် အခြေအနေကို စိုးရိမ်နေပါတယ်။

ဂြိုဟ်တု တစ်လုံးကို ကမ္ဘာပတ်လမ်းထဲ ပို့ဆောင်ဖို့ဆိုရင် ရှည်လျားတဲ့ လွှတ်တင်မှု လမ်းကြောင်းမျိုး လိုအပ်ပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ စမ်းသပ်မှုအတွက် အသုံးချတယ်လို့ ယုံကြည်ရတာကြောင့် ဂြိုဟ်တု လွှတ်တင်တဲ့ နည်းပညာမျိုး လက်တွေ့ အကောင်အထည် ဖော်ခွင့်ကနေ ကုလသမဂ္ဂရဲ့ တားမြစ် ပိတ်ပင်ခြင်းကို ခံထားရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့လို ပြိုင်ဘက်နိုင်ငံတွေကို တန်ပြန် စောင့်ကြည့်ဖို့အတွက် သူလျှိုဂြိုဟ်တုတွေ လွှတ်တင်တာဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာဆိုင်ရာ အခြေခံ ရပိုင်ခွင့် တစ်ခုဖြစ်တယ်လို့ ပြောကြားပြီး ကုလသမဂ္ဂရဲ့ တားမြစ်မှုတွေကို ဖီဆန်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူ ဟာမာဒါက သူဟာ မြောက်ကိုရီးယား ဂြိုဟ်တု လွှတ်တင်ချိန် ဒုံးပျံ အစိတ်အပိုင်းတွေ နိုင်ငံလေပိုင်နက်ထဲ ကျဆင်းလာနိုင်တဲ့ ဖြစ်နိုင်ခြေကို ကြိုတင် စဉ်းစားပြီး လိုအပ်တဲ့ ကာကွယ်ရေး အစီအမံတွေ အားလုံး လုပ်ဆောင်ဖို့ ဂျပန် ပြည်စောင့်တပ်ကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

အဲဒီထဲမှာ နိုင်ငံတောင်ပိုင်းက အိုကီနာဝါမှာ လေကြောင်း ကာကွယ်ရေး အဖွဲ့တွေကို တပ်လှန့်ထားပြီး ဒုံးပျံ အစိတ်အပိုင်းတွေ ကျဆင်းလာလို့ ထိခိုက်သက်ရောက်နိုင်ခြေကို အနိမ့်ဆုံး လျှော့ချနိုင်အောင် ကြိုပြင်ထားဖို့ ဆိုတာလည်း ပါဝင်ပါတယ်။ အဲဒီအတွက် အိုကီနာဝါမှာ ရှိနေတဲ့ Patriot PAC-3 လေကြောင်း ကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေကို အသင့် ပြင်ထားစေပါတယ်။

အရင်က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည်တချို့ စမ်းသပ်ရာမှာ ဂျပန် လေပိုင်နက်ရဲ့အထက် ကောင်းကင်ကို ဖြတ်ကျော်ပြီး ပစ်ခတ်တာမျိုးတွေ ရှိခဲ့ဖူးပြီး အဲဒီကိစ္စကို ဂျပန်က ခါးခါးသီးသီး ကန့်ကွက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ရာမှာ ပိုမိုခေတ်မီ ထိရောက်တဲ့ လောင်စာတောင့် နည်းပညာကို ပထမဆုံးအကြိမ် လက်တွေ့ အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။