Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တရုတ် ကမ်းခြေစောင့်တပ်က တုတ်၊ ဓား လက်နက်တွေကိုင်ပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေကို ရန်လိုခြိမ်းခြောက်

တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ တုတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေ ကိုင်ဆောင်လာပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေက လက်ချည်းသက်သက်နဲ့ သူတို့ကို ခုခံ တားဆီးဖို့ ကြိုးစားခဲ့ကြောင်း ဘရော်နာက ပြောပါတယ်။

တရုတ် ကမ်းခြေစောင့်တပ်က တုတ်၊ ဓား လက်နက်တွေကိုင်ပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေကို ရန်လိုခြိမ်းခြောက်
တရုတ် ကမ်းခြေစောင့်တပ်က တုတ်၊ ဓား လက်နက်တွေကိုင်ပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေကို ရန်လိုခြိမ်းခြောက်

ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ် ကမ်းခြေစောင့် တပ်သားတွေက ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေကို တုတ်၊ ဓား၊ ပုဆိန် လက်နက်တွေနဲ့ နိုင်လိုမင်းထက် ရန်မူ ခြိမ်းခြောက်ခဲ့ပါတယ်။

အရင်တုန်းက နှစ်နိုင်ငံ ကမ်းခြေစောင့် ရေယာဉ်တွေချင်း တိုက်မိတာမျိုးတွေ ရှိခဲ့ရာကနေ ဇွန်လ ၁၉ ရက်မှာတော့ ပြဿနာတွေ နောက်ထပ် ဒီဂရီ ထပ်တိုးပြီး တပ်ဖွဲ့ဝင် ထိပ်တိုက်တွေ့ပြီး ရန်လိုတာမျိုးထိ ဖြစ်လာခဲ့တာပါ။

ဖိလစ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ရိုမဲရို ဘရော်နာက ဒီကိစ္စမှာ တရုတ်ဖက်က အတိအလင်း ရန်စခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့်လှေတွေကို တရုတ် ကမ်းခြေစောင့် သင်္ဘောတွေက ဝင်တိုက်ခဲ့ပြီးတဲ့နောက် ကုန်းပတ်ပေါ်တက်ပြီး လက်နက်တွေကို သိမ်းယူခဲ့တယ်လို့ သူက ဆိုပါတယ်။

တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေဟာ တုတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေ ကိုင်ဆောင်လာပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေက လက်ချည်းသက်သက်နဲ့ သူတို့ကို ခုခံ တားဆီးဖို့ ကြိုးစားခဲ့ကြောင်း ဘရော်နာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တရုတ်ကမ်းခြေစောင့် ရေယာဉ်တွေ ဝင်တိုက်တဲ့ အချိန်မှာ ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တစ်ဦး လက်မ ပြတ်ထွက်တဲ့ ဒဏ်ရာ ရရှိသွားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်ကတော့ ဖိလစ်ပိုင်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး အခုလို ထိပ်တိုက်တွေ့မှုမှာ အတတ်နိုင်ဆုံး ငြင်ငြင်သာသာ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်တွေဟာ တောင်တရုတ်ပင်လယ်ထဲက ကမ်းဝေး သောင်ခုံကျွန်း တစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတပ်စခန်းဆီ ရိက္ခာသွားပို့တဲ့အချိန် တရုတ်ရဲ့ ကြားဖြတ် နှောင့်ယှက်မှုကို ခံခဲ့ရတာပါ။

ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေက တရုတ်ကမ်းခြေစောင့် သင်္ဘောတွေဆီက လှေတွေ သူတို့ဆီ ဦးတည်လာနေပြီး တရုတ်တွေက ဓား၊ တုတ်၊ မှိန်း၊ ပုဆိန်စတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတာကို တွေ့ခဲ့ရတယ်လို့ ဘရော်နာက ဆိုပါတယ်။ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ် ကမ်းခြေစောင့် တပ်သားတွေက အဲဒီလို ရှေးဆန်တဲ့ လက်နက်တွေ ကိုင်ဆောင်လာတာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းလို့လည်း သူက ဆက်ပြောပါတယ်။

ဗီဒီယို မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင် တရုတ်တွေက ဓားတရမ်းရမ်းနဲ့ ရန်လို ခြိမ်းခြောက်နေတာကို တွေ့နိုင်ကြောင်း၊ တရုတ်တွေက ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ သေနတ်တွေ အပါအဝင် ပစ္စည်းတချို့ကို ဖျက်ဆီးသွားခဲ့သလို အသက်ကယ် ရာဘာလှေတွေကိုလည်း ထိုးခွဲသွားခဲ့ကြောင်း၊ ဒီလုပ်ရပ်တွေဟာ ပင်လယ်ဓားပြတွေလို ရမ်းကားပြီး နိုင်လိုမင်းထက် ဆန်လွန်းကြောင်း ဘရော်နာက ရှုတ်ချသွားပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ တရားဝင် လုပ်ပိုင်ခွင့်တွေကို ဘောင်ကျော်ပြီး ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ အခုလိုမျိုး ဖျက်ဆီး စော်ကားတာမျိုး လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း ဘရော်နာက ဆက်ပြောပါတယ်။ တရုတ်ကတော့ ဘရော်နာရဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပြီး တရားမဝင် ထောက်ပံ့ပို့ဆောင်မှုတွေကို တားဆီးခဲ့တာသာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးတော့ တရုတ်ရဲ့ တရားဥပဒေ စိုးမိုးရေး အရာရှိတွေဟာ လုပ်ပိုင်ခွင့် ဘောင်ထဲကနေ ပရော်ဖက်ရှင်နယ် ပီပီသသနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့တယ်လို့ တရုတ်ဖက်က တုံ့ပြန်ထားပါတယ်။

အရင်ကတည်းက တရုတ်ကမ်းခြေစောင့်တပ်ဟာ ဖိလစ်ပိုင်ရဲ့ ကမ်းဝေး ကင်းတပ်စခန်းဆီ ရိက္ခာသွားပို့တဲ့ လှေတွေကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်က တရုတ် ကမ်းခြေစောင့် တပ်ဖွဲ့ရဲ့ နှောင့်ယှက်မှုတွေကြောင့် ဖိလစ်ပိုင် တပ်ဖွဲ့ဝင် တစ်ယောက်ယောက် အသက်ဆုံးရှုံးခဲ့မယ်ဆိုရင် စစ်ပွဲအဖြစ် ယူဆရမယ်လို့ သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ ဘရော်နာကတော့ ဖိလစ်ပိုင် စစ်တပ်ဟာ တရုတ်နဲ့ စစ်ဖြစ်ဖို့ မလိုလားကြောင်း ဆိုပါတယ်။ ဖိလစ်ပိုင် စစ်တပ်ဟာ ကိုယ့်တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ ကင်းစခန်းဆီ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့သာ ရည်ရွယ်ထားပြီး စစ်ပွဲကို တားဆီးဖို့သာ ဆန္ဒရှိကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်တွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည်မူဝါဒ AA၌ အခိုင်အမာရှိကြောင်း ခိုင်သုခကဖြေကြားထားသည်။

နိုင်ငံတကာ

အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်မှူးဟောင်းတွေဟာ တရုတ်ကို ကူညီနေမိမှန်း မသိဘဲ သိမ်းသွင်းခံရတာမျိုးလည်း ရှိတယ်လို့ Five Eyesက ဆိုပါတယ်။

နိုင်ငံတကာ

တရုတ်လိုမျိုး တောင့်တင်းအားကောင်းတဲ့၊ လွတ်လပ်တဲ့၊ ဩဇာကြီးမားတဲ့ နိုင်ငံမျိုးက ပူတင် အလိုကျ အသုံးတော်ခံနေတဲ့ အခြေအနေမျိုး မြင်ရတာကို စိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံတကာ

တရုတ် ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ် အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကမ်းလွန်က ပစ်မှတ်တု တချို့ကို ရေတပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CCTVက ဆိုပါတယ်။