Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပစ်ခတ်မှုအပြီး ထရမ့်ရဲ့အခြေအနေ စိုးရိမ်စရာ မရှိဘူးလို့ မဲဆွယ်ရေးအဖွဲ့ပြော

ထရမ့်နဲ့ သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ အမေရိကန်မှာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုမှုတွေကို အစဉ်တစိုက် ဆန့်ကျင်ငြင်းဆန်ခဲ့ပါတယ်။

ပစ်ခတ်မှုအပြီး ထရမ့်ရဲ့အခြေအနေ စိုးရိမ်စရာ မရှိဘူးလို့ မဲဆွယ်ရေးအဖွဲ့ပြော
ပစ်ခတ်မှုအပြီး ထရမ့်ရဲ့အခြေအနေ စိုးရိမ်စရာ မရှိဘူးလို့ မဲဆွယ်ရေးအဖွဲ့ပြော

ပစ်ခတ်မှု ကြုံတွေ့ခဲ့ပေမယ့်လည်း အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ အခြေအနေ စိတ်ချရတယ်လို့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့က ကြေညာခဲ့ပါတယ်။

ထရမ့်ဟာ ဇူလိုင် ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားမှာ ကျင်းပတဲ့ မဲဆွယ် စည်းရုံးမှု အစီအစဉ် တစ်ခုမှာ သေနတ်နဲ့ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ဟောပြောပွဲ အစပိုင်းမှာတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သူက ငုံ့ရှောင်ဖို့ ကြိုးစားတာ၊ လုံခြုံရေး အေးဂျင့်တွေက သူ့ကို ဝန်းရံကာကွယ်ဖို့ ကြိုးစားတာမျိုး ဝရုန်းသုန်းကား အခြေအနေတွေကို တွေ့ခဲ့ရပါတယ်။ နောက်တော့ ထရမ့်က ညာဖက်နားရွက်ကို လက်နဲ့အုပ်ထားပြီး သွေးတွေပေစွန်းနေတာကိုပါ မြင်ခဲ့ရပါတယ်။

“ပြဿနာတစ်ခု ရှိတယ်ဆိုတာကို ချက်ချင်း သိလိုက်တယ်၊ သေနတ်ပစ်သံနဲ့အတူ ကျည်တောင့်က အသားကို ထိမှန်သွားတယ်ဆိုတာ ချက်ချင်းခံစားလိုက်တယ်” လို့ Truth လို့ခေါ်တဲ့ သူကိုယ်တိုင် ဝါဒဖြန့်ဖို့ ထူထောင်ထားတဲ့ ဆိုရှယ်မီဒီယာမှာ ထရမ့်က နောက်ပိုင်းမှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့က အသက် ၇၈ နှစ်အရွယ် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းဟာ ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

သေနတ်သမားကို အခင်းဖြစ်တဲ့ နေရာမှာတင် အသေဖမ်းမိခဲ့ပြီး မဲဆွယ်ပွဲကို တက်ရောက်လာသူ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေး အေးဂျင့်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာ ထရမ့်ကို ဦးတည် ရည်ရွယ်ချက်ထား လုပ်ကြံတဲ့ ကြိုးစားမှု အနေနဲ့ ယူဆပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဘတ္တလာမြို့ထဲမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် သူ့နားရွက် အထက်နားမှာ ဒဏ်ရာရပြီး သွေးတော်တော် ထွက်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ သေဆုံးသွားတဲ့ သေနတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲ မတိုင်မီ ၄ လနီးပါး အလိုမှာ အခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက သူအရေးနိမ့်ခဲ့ရတဲ့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ မကျေပွဲ ပြန်ဆုံကြမှာ ဖြစ်ပါတယ်။

ဘိုင်ဒန်ကတော့ အမေရိကန်မှာ အခုလို အကြမ်းဖက်မှုမျိုးကို လုံးဝလက်သင့်ခံပေးဖို့ မဖြစ်နိုင်ကြောင်း၊ ဒီအချိန်မှာ ပါတီစွဲတွေကို ဘေးဖယ်ပြီး နိုင်ငံတစ်ခုအနေနဲ့ တစ်သားတည်း ရပ်တည်ရင်း ဒီလုပ်ရပ်မျိုးကို ရှုတ်ချရမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ တက္ကဆက်စ်ပြည်နယ် ကိုယ်စားပြု အမေရိကန် အောက်လွှတ်တော်အမတ် ရွန်နီဂျက်ဆန်ရဲ့ တူတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ထရမ့်နဲ့ သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ အမေရိကန်မှာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုမှုတွေကို အစဉ်တစိုက် ဆန့်ကျင်ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကမ္ဘာ့နိုင်ငံ တချို့မှာ မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေ အတောအတွင်း ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတချို့ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ထရမ့်လိုပဲ လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိများတဲ့ ဘရာဇီးရဲ့ ဂျဲရ်ဘော်လ်ဆိုနာရိုဟာ ၂၀၁၈ တုန်းက မဲဆွယ်ဟောပြောပွဲ တစ်ခုမှာ ဓားထိုးခံခဲ့ရပြီး ဆေးရုံရောက်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ သူ့အပေါ် လူထု စာနာမှုတွေ ရရှိသွားစေခဲ့သလို ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေထက် ပြတ်သားတဲ့ မဲအသာစီး ရမှုမျိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းတုန်းက ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းဟာ မဲဆွယ်ဟောပြောနေတုန်း သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပေါင်နဲ့ ခြေသလုံးတို့မှာ ဒဏ်ရာတွေ ရခဲ့ပါတယ်။ အဲဒီမတိုင်ခင် လပိုင်းလောက်တုန်းက ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ သူ့ပါတီအတွက် နာရာမြို့မှာ မဲဆွယ် ဟောပြောနေချိန် လူတစ်ဦးက လက်လုပ်သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။ လောလောလတ်လတ် အနေနဲ့ မေလကုန်မှာ ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ ထောက်ခံသူတွေကို နှုတ်ဆက်စကား ပြောနေချိန် ပစ်ခတ်ခံရပြီး ကျည်ဆန်လေးတောင့် ထိမှန်ခဲ့တာကြောင့် အသက်လု ကုသမှုတွေ ခံယူခဲ့ရပြီး အခုတော့ ဒဏ်ရာတွေကနေ သက်သာလာပြီ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ်ကို ထရမ့်ရဲ့ အမာခံ ကျောထောက်နောက်ခံ အင်အားစုတွေဖြစ်တဲ့ လက်ယာစွန်း အစုအဖွဲ့တွေက စီးနင်းထိန်းချုပ်ခဲ့တာဖြစ်ပြီး ထရမ့်ကတော့ အဲဒီဖြစ်စဉ်မှာ သူဟာ ဘယ်လို ပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဒီမိုကရက် ပါတီဖက်မှာတော့ ရွေးကောက်ပွဲ မစခင် နောက်ထပ် စကားစစ်ထိုးပွဲတွေမှာ ဘိုင်ဒန် အနေနဲ့ လက်ရှိထက် အားကောင်းတဲ့ အနေအထားမျိုး ရှိပါ့မလား ဆိုတာကို တွေးတော စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

သတင်း

တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ သေနတ်ခြောက်လက်နှင့် စစ်ကောင်စီရုပ်အလောင်းကိုးလောင်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းဆည်းရရှိသည်။

သတင်း

အာရှလမ်းမကြီးအား အပြည့်အဝထိန်းချုပ်ရန်နှင့် မြဝတီမြို့အား ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာသော အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်သော ပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။