Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆန္ဒပြရင်း သွေးချောင်းစီး ပဋိပက္ခတွေ ပိုဆိုးလာလို့ ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေး သတိပေးချက် ထုတ်ပြန်

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်တဲ့ သွေးချောင်းစီး ဆန္ဒပြပွဲတွေ အတောမသတ်နိုင်တဲ့နောက် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမှာ လုံခြုံရေး သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်ရပါတယ်။

ကြမ်းတမ်းပြီး အဓိကရုဏ်းဆန်တဲ့ သွေးချောင်းစီး ဆန္ဒပြပွဲတွေ အတောမသတ်နိုင်တဲ့နောက် ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးမှာ လုံခြုံရေး သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားလိုက်ရပါတယ်။

မြို့တော် ဒါကာမှာတော့ အင်တာနက် ကွန်ရက်တွေ လုံးဝနီးပါး သုံးမရ ဖြစ်နေပြီး ဖုန်းလိုင်း တော်တော်များများလည်း ဆက်သွယ်လို့ မရတော့ပါဘူး။ ဒါကာဟာ ဆန္ဒပြမှုတွေ အပြင်းထန်ဆုံး ပေါ်ပေါက်နေတဲ့ ဧရိယာလည်း ဖြစ်ပါတယ်။

အခု ဆန္ဒပြမှုတွေဟာ အရင်က ဆိုင်းငံ့ထားတဲ့ အစိုးရ အလုပ်အကိုင် အခွင့်ထူး သတ်မှတ်မှု စည်းမျဉ်းတွေကို တစ်ကျော့ပြန် ကျင့်သုံးဖို့ တရားရုံး ဆုံးဖြတ်ချက်ကနေ အစပြုခဲ့ပါတယ်။ အဲဒီ သတ်မှတ်ချက်အရ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တွေရဲ့ သားသမီးတွေ၊ အမျိုးသမီးတွေ၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ မသန်စွမ်းသူတွေအတွက် အစိုးရ အလုပ်အကိုင် ရာထူးနေရာ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို သီးသန့် ဖယ်ထားပေးမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုုပ် ရှိတ်ခ်ဟာဆီနာကို အားပေးထောက်ခံသူတွေရဲ့ သားသမီးတွေဟာလည်း အစိုးရ ဝန်ထမ်း နေရာတွေအတွက် တရားဝင် မဟုတ်တဲ့ မျက်နှာသာပေးမှုတွေ ရရှိထားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အလုပ်အကိုင် ရာထူးက လစာကောင်းပြီး မျက်နှာပန်းလည်း လှတာကြောင့် ဝန်ထမ်း အများစုက မက်မောကြပါတယ်။

လက်ရှိ အခြေအနေတွေအရ အဲဒီ အစိုးရ အလုပ်အကိုင် ရာထူးတွေ စုစုပေါင်းရဲ့ ထက်ဝက်လောက်ထိဟာ ဥပဒေကြောင့်ရော၊ ဟာဆီနာကို မျက်နှာသာပေးတဲ့ အင်အားစုတွေကြောင့်ပါ သီးခြား ချန်လှပ် ခံထားရသလို ဖြစ်လာတာကြောင့် အဲဒါကို မကျေနပ်တဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေက ဒါကာ အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အဲဒီလို အခွင့်ထူးခံ သတ်မှတ်မှုကို ထောက်ခံတဲ့ အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ကြရာက လူအသေအပျောက်တွေပါ ဖြစ်ပွားခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကြားဝင်ထိန်းသိမ်းမှုကလည်း အင်အားသုံး ဖြိုခွင်းမှု ဆန်နေတာကြောင့် ပြဿနာတွေက ပိုဆိုးလာပါတယ်။

အခုအခါ ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်တွေနဲ့ ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားရပြီး အစိုးရက တခြားနည်းလမ်းတွေနဲ့ ညှိနှိုင်းဖို့ မေတ္တာရပ်ခံတာကိုလည်း ဆန္ဒပြ ကျောင်းသားတွေက ပယ်ချခဲ့ပါတယ်။ သွေးမြေကျခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အခြေအနေတွေဟာ နောက်ပြန်လှည့်လို့ မရတဲ့ အဆင့်ထိ ရောက်သွားပြီဖြစ်ပြီး လိုလားချက်တွေ ပြည့်မြောက်တဲ့ထိ ဆက်လက် တိုက်ပွဲဝင် တောင်းဆိုသွားမယ်လို့ တက္ကသိုလ် ကျောင်းသားတွေက ပြောပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်က အဓိကရုဏ်းတွေမှာ သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိခဲ့ပြီးပါပြီ။

ဘင်္ဂလားဒေ့ရှ်မှာ လုံခြုံရေး သတိပေးချက်တွေ ထုတ်ပြန် ကြေညာပြီးတဲ့နောက် ဒါကာမှာ အစိုးရဝန်ထမ်း တော်တော်များများဟာ အလုပ်ခွင်ကို စွန့်ခွာပြီး အိမ်ပြန်ကုန်ကြပါတယ်။ အစောပိုင်းတုန်းက ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေး ဝန်ကြီးဌာနဟာ ဆန္ဒပြသူတွေ ပိတ်ဆို့မှုကြောင့် ဝန်ထမ်းတွေ အဆောက်အအုံထဲမှာ ပိတ်မိနေခဲ့ပေမယ့် အခုတော့ ဝန်ထမ်းအားလုံး အိမ်ပြန်သွားပြီဖြစ်သလို သတင်းထုတ်လွှင့်မှုတွေလည်း ရပ်ဆိုင်းနေတယ်လို့ ကြေညာသွားပါတယ်။

အစိုးရဟာ ဇူလိုင် ၁၈ ရက်နေ့တုန်းက ဆန္ဒပြမှုတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့ အားထုတ်ခဲ့ပြီး သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးစေဖို့ အင်တာနက် မြန်နှုန်းတွေကို ဆိုးဆိုးရွားရွား လျှော့ချလိုက်ပါတယ်။ ဒါပေမဲ့ အကိုင်အတွယ် မတတ်တဲ့အခါ အခြေအနေတွေက ပိုဆိုးသွားပြီး ဆန္ဒပြမှုတွေ စတင်လာတဲ့ တလျှောက်မှာ အသေအပျောက် အဆိုးဆုံး နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့မှာ ဆန္ဒပြသူ အရေအတွက် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီး တချို့မီဒီယာတွေကတော့ ၁၉ ဦးထိ များပြားတယ်လို့ ဖော်ပြနေကြပါတယ်။ သေဆုံးသူတွေထဲမှာ ဒေသခံ ဒါကာတိုင်းမ်စ် သတင်းဌာနရဲ့ အသက် ၃၂ နှစ်အရွယ် ဂျာနယ်လစ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟာဆီနာက ဆန္ဒပြမှုတွေမှာ သေဆုံးကြတဲ့ ဖြစ်စဉ်တွေကို ရှုတ်ချပြီး လူသတ်မှုမြောက်တယ်လို့ ပြောကြားခဲ့ပေမယ့် ဆန္ဒပြသူတွေကတော့ အဲဒီလူတွေကို အစိုးရကပဲ သတ်နေတာ ဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲပြီး လက်ရှိ သွေးချောင်းစီး ဖြစ်စဉ်တွေ မရပ်သေးသ၍ အစိုးရနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ကြေညာထားပါတယ်။

လက်ရှိ အခြေအနေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ သက်တော်ရှည် ဝန်ကြီးချုပ် ဟာဆီနာအတွက် သူ့ရဲ့ အာဏာသက်တမ်းတလျှောက် အပြင်းထန်ဆုံး နိုင်ငံရေး စိန်ခေါ်မှု တစ်ခုလည်း ဖြစ်လာစေပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၁၉၇၁ ခုနှစ်တုန်းက ပါကစ္စတန် နိုင်ငံကနေ ခွဲထွက်တဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေက အဲဒီ သီးသန့် အခွင့်အရေးကို ခံစားပိုင်ခွင့် ရှိပါတယ်။

သတင်း

BGBဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် နတ်မြစ်တကြောမှာ ကင်းလှည့်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

သတင်း

ဝက်လက်မြို့နယ်ရှိ သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် ပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခပ်ကြမ်းကြမ်း တုံ့ပြန် ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်တွေအပြင် ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဗုံးတွေကိုပါ အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။