Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမှာ ဘိုင်ဒန် သွယ်ဝိုက် တာဝန်ရှိတယ်လို့ ရီပတ်ဘလစ်ကန်တွေ စွပ်စွဲ

ဇူလိုင် ၁၃ ရက်နေ့က ပယ်ဆယ်လ်ဗေးနီးယားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကြို မဲဆွယ်ပွဲမှာ ထရမ့်ဟာ လူတစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံဖို့ အားထုတ်မှုနဲ့ ကြုံခဲ့ပြီး ညာဖက်နားရွက် အထက်နားမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမှာ ဘိုင်ဒန် သွယ်ဝိုက် တာဝန်ရှိတယ်လို့ ရီပတ်ဘလစ်ကန်တွေ စွပ်စွဲ
ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမှာ ဘိုင်ဒန် သွယ်ဝိုက် တာဝန်ရှိတယ်လို့ ရီပတ်ဘလစ်ကန်တွေ စွပ်စွဲ

ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒီမိုကရက်တွေရဲ့ စနက် မကင်းဘူးလို့ ရီပတ်ဘလစ်ကန် ပါတီဝင် တချို့က စွပ်စွဲ ပြောကြားလာကြပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က ပယ်ဆယ်လ်ဗေးနီးယားမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကြို မဲဆွယ်ပွဲမှာ ထရမ့်ဟာ လူတစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံဖို့ အားထုတ်မှုနဲ့ ကြုံခဲ့ပြီး ညာဖက်နားရွက် အထက်နားမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ထရမ့်ရဲ့ ရွေးကောက်ပွဲပြိုင်ဘက် သမ္မတ ဘိုင်ဒန်ကလည်း ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ရီပတ်ဘလစ်ကန် အမတ်တချို့ကတော့ ဘိုင်ဒန်ရဲ့ တချို့သော ပြောဆိုမှုတွေဟာ ထရမ့်ကို ပစ်မှတ်ထား လုပ်ကြံစေမယ့် ကိစ္စမျိုးဆီ ဦးတည်စေခဲ့တယ်လို့ စွပ်စွဲလာကြတာပါ။

ဂျော်ဂျီယာပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန် အမတ် မိုက်ခ်ကောလင်းစ်က ဘိုင်ဒန်နဲ့ ရွေးကောက်ပွဲ ရန်ပုံငွေ အလှူရှင်တွေကြား မကြာသေးခင်က ဖုန်းပြောဆိုမှု တစ်ခုကို ကိုးကားပြီး ဒီပစ်ခတ်မှုအတွက် ဘိုင်ဒန်က အမိန့်ပေး ညွှန်ကြားလိုက်သလိုပဲလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

ဒီမိုကရက်ပါတီ ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရန်ပုံငွေ ထောက်ပံ့သူတွေနဲ့ ဆုံတဲ့အချိန်မှာ သူ့အတွက် တစ်ခုတည်းသော အလုပ်က ထရမ့်ကို အနိုင်ရဖို့ ဖြစ်ကြောင်း၊ ဒီတာဝန်ကို ယူဖို့ သူဟာ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဆိုတာ အခိုင်အမာ ပြောနိုင်ကြောင်း၊ ဒါကြောင့် စကားစစ်ထိုးပွဲတုန်းက ကိစ္စတွေအကြောင်း ငြင်းခုံတာကို ရပ်တန်းက ရပ်ပြီး စက်ကွင်း (bullseye)ကို ထရမ့်အပေါ်မှာပဲ တည့်တည့်မတ်မတ် ချိန်ရွယ်ထားသင့်ပြီဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန် ဆိုလိုတာက သူ့အသက်အရွယ် ကြီးရင့်မှုကြောင့် ရွေးကောက်ပွဲဝင်ဖို့ သင့်မသင့် အငြင်းပွားမှုတွေ၊ ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ အခြေမလှခဲ့တာတွေကို မေ့ထားပြီး ထရမ့်ကိုသာ အာရုံစိုက်သင့်တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပေမယ့်လည်း ကောလင်းစ်က ‘bullseye’ဆိုတဲ့ ဝေါဟာရကို အကြောင်းပြုပြီး ဘိုင်ဒန်က လုပ်ကြံမှုအတွက် သွယ်ဝိုက်ပြီး မီးစိမ်းပြလိုက်တာဆိုတဲ့ သဘောမျိုး ဝေဖန်ခဲ့တာပါ။ နောက်ထပ် ပို့စ်တစ်ခုမှာလည်း သူက ‘သူတို့ (ဒီမိုကရက်တွေ)ဟာ ခြိမ်းခြောက်မှုကို ချေမှုန်းဖို့ အားထုတ်ခဲ့တာပဲ’လို့ ရေးသားထားခဲ့ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက သူ့အပေါ် ထောက်ခံအားပေးသူတွေကို ကက်ပီတိုလ် (အမေရိကန် လွှတ်တော်)ဆီ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြဖို့ တိုက်တွန်းခဲ့တဲ့ ထရမ့်ကို အကြမ်းဖက် လှုံ့ဆော်တယ်ဆိုပြီး တရားစွဲချင်ခဲ့တဲ့ သူတွေဟာ ထရမ့်ကို ပစ်မှတ်ထားရမယ်ဆိုတဲ့ ဘိုင်ဒန်ရဲ့ စကားကိုတော့ တရားစွဲဖို့တော့ ဆန္ဒရှိကြပုံ မပေါ်ကြောင်းလည်း သူက ဆိုပါတယ်။

ထရမ့်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားသူဟာ သောမတ်စ် မက်သရူး ခရွတ်ခ်စ်ဆိုတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးဖြစ်ပြီး သူ့လက်ချက်ကြောင့် မဲဆွယ်စည်းရုံးမှု အခမ်းအနားကို ရောက်လာတဲ့ အမျိုးသား တစ်ဦးသေဆုံးပြီး နောက်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ခရွတ်စ်ခ်ကိုတော့ လုံခြုံရေး အေးဂျင့် စနိုက်ပါသမား တစ်ဦးက သုတ်သင် ရှင်းလင်းခဲ့ပါတယ်။

အမေရိကန် အောက်လွှတ်တော် တရားရေး ကော်မတီဝင် ရီပတ်ဘလစ်ကန် အမတ်တချို့ကလည်း အခုအခါမှာ ဘိုင်ဒန်ရဲ့ ‘bullseye’ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဝေဖန် စွပ်စွဲမှုတွေ ရှိလာပါတယ်။ နောက်ထပ် ဂျော်ဂျီယာ ပြည်နယ် အခြေစိုက် ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်တဲ့ တေလာဂရင်းက အမေရိကန်အတွက် ဆုတောင်းသင့်ပြီဖြစ်ကြောင်း၊ လက်ဝဲယိမ်း ဝါဒီတွေဟာ ပြည်တွင်းစစ်ကို အစပျိုးချင်နေကြောင်း၊ အဲဒီစစ်ပွဲမျိုး စတင်နိုင်အောင် နှစ်ပေါင်းများစွာ ကြံစည်နေခဲ့ကြကြောင်း၊ အဲဒီလူပုဂ္ဂိုလ်တွေဟာ ဆိုးယုတ်ပြီး သိမ်ဖျင်းလွန်းကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲဝင် ဒုတိယ သမ္မတလောင်း နေရာအတွက် လျာထားခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် ဂျိမ်းစ် ဒေးဗစ် ဗန့်စ်ကလည်း ဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု ဗျူဟာတစ်ခုလုံးက ထရမ့်ကို အာဏာရှင်ဆန်တဲ့ ဖက်ဆစ်တစ်ဦး ဖြစ်လို့ အစွမ်းကုန် တားဆီးရမယ် ဆိုတာမျိုးကို အသားပေးထားကြောင်း၊ အဲဒီ သဘောတရားတွေ၊ အပြောအဆိုတွေကပဲ ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမျိုးဆီ ဦးတည်စေခဲ့ကြောင်း စွပ်စွဲသွားပါတယ်။

တောင်ပိုင်း ကာရိုလိုင်းနား ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် တင်မ်စကော့ကတော့ ဒီမိုကရက်တွေဟာ အကြောက်တရား သွတ်သွင်းတဲ့ နည်းကိုသုံးဖို့ အဆင်အခြင်မဲ့ လုပ်ဆောင်နေပြီး ထရမ့်ကို လုပ်ကြံဖို့ အားထုတ်မှုမျိုးဟာ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်ခြင်း ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ခရွတ်စ်ခ်ဟာ ထရမ့်ကိုယ်စားပြုတဲ့ ရီပတ်ဘလစ်ကန် ပါတီကို ထောက်ခံသူ တစ်ဦးအဖြစ် မဲစာရင်း ပေးထားပေမယ့်လည်း သူ့ရဲ့ နိုင်ငံရေး အမြင်ရှုထောင့်တွေကို ဘယ်တုန်းကမှ ထုတ်ဖော်ဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

နိုင်ငံတကာ

ထရမ့်နဲ့ သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ အမေရိကန်မှာ လက်နက်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး တောင်းဆိုမှုတွေကို အစဉ်တစိုက် ဆန့်ကျင်ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

လူထုအမြင် စစ်တမ်းတွေမှာ သူဟာ ထရမ့်ရဲ့နောက်က လိုက်နေရတယ်ဆိုတဲ့ ကိစ္စကိုလည်း ပယ်ချခဲ့ပြီး စကားပြောကြည့်ဖူးသမျှ စစ်တမ်း အဖွဲ့အစည်းတွေက သူ့အပေါ် ထောက်ခံနှုန်း တက်ရိပ်ပြလာတယ်လို့ချည်း ပြောပြခဲ့တယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော်ဖြစ်တဲ့ ကက်ပီတိုလ်ကို ထရမ့်ရဲ့ အမာခံ ကျောထောက်နောက်ခံ အင်အားစုတွေဖြစ်တဲ့ လက်ယာစွန်း အစုအဖွဲ့တွေက စီးနင်းထိန်းချုပ်ခဲ့တာဖြစ်ပြီး ထရမ့်ကတော့ အဲဒီဖြစ်စဉ်မှာ သူဟာ ဘယ်လို ပတ်သက် ဆက်နွှယ်မှုမှ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။