ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ပြည်ပကို ထွက်ပြေးသွားတဲ့ ဖြစ်စဉ်အပြီး ပြည်တွင်းနေ ဟိန္ဒူ ဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ကြားကာလ ယာယီ အစိုးရက ရှုတ်ချသွားခဲ့ပါတယ်။
ဟာဆီနာခေတ်လွန် ဘင်္ဂလားဒေ့ရှ်ရဲ့ ကြားကာလ အစိုးရကို ဦးဆောင်သွားမယ့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က နိုင်ငံရဲ့ လူနည်းစု အစုအဖွဲ့ဖြစ်တဲ့ ဟိန္ဒူတွေကို အခုလို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုမျိုးတွေဟာ ရက်စက် ကြမ်းကြုတ်တဲ့၊ ကောက်ကျစ်စဉ်းလဲတဲ့ လုပ်ရပ်မျိုးတွေလို့ အတိအလင်း ဝေဖန်သွားခဲ့ပါတယ်။
ဟိန္ဒူဘာသာဝင်တွေဟာ ဟာဆီနာ ဦးဆောင်တဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီအတွက် အဓိက ကျောထောက်နောက်ခံ အားပေးသူတွေအဖြစ် စွပ်စွဲခံရပြီး ဟာဆီနာကို ဆန့်ကျင်သူတွေထဲက အစွန်းရောက်တွေ ဦးဆောင်ပြီး ရန်လိုနေတာ ဖြစ်ပါတယ်။ ဟာဆီနာ ထွက်ပြေးသွားပြီး ရက်ပိုင်းအတွင်း ဒါကာမြို့တော် အပါအဝင် ဘင်္ဂလားဒေ့ရှ် အနှံ့က မြို့တွေမှာ ဟိန္ဒူတွေကို ပစ်မှတ်ထား ရန်ပြုတာ၊ ဟိန္ဒူတွေပိုင်တဲ့ အိမ်တွေနဲ့ ဆိုင်တွေကို မီးရှို့တာမျိုး သတင်းတွေ နေရာအနှံ့ ကြားခဲ့ရပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ စစ်တကောင်းမှာ ဟိန္ဒူတွေ စုဝေးပြီး အခုလိုမျိုး ပစ်မှတ်ထား တိုက်ခိုက်တာတွေ ခံနေရတဲ့အပေါ် ဆန့်ကျင် ဆန္ဒပြခဲ့သလို လုံခြုံရေး အာမခံချက် ရရှိဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြပါတယ်။
ဟာဆီနာ အစိုးရ ပြုတ်ကျသွားစေတဲ့ ဆန္ဒပြမှုတွေကို အဓိက ဦးဆောင်ခဲ့သူ မွတ်ဆလင် တက္ကသိုလ် ကျောင်းသားတွေကို ဘင်္ဂလားဒေ့ရှ် တက္ကသိုလ် တစ်ခုမှာ လတ်တလော တွေ့ဆုံခဲ့တဲ့အခါ ယူနွတ်စ်က ဟိန္ဒူတွေဟာလည်း ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်သူတွေပဲ ဖြစ်ကြပြီး နိုင်ငံကို ကယ်တင်နိုင်စွမ်းရှိတဲ့ ကျောင်းသားတွေက တစ်နိုင်ငံတည်း ညီအစ်ကို မောင်နှမတွေကိုရော ခွဲခြားဆက်ဆံမှု မရှိဘဲ မကယ်တင်နိုင်ဘူးလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံသားတိုင်း အတူလက်တွဲ တိုက်ပွဲဝင်ကြပြီး အတူယှဉ်တွဲ နေထိုင်ရမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဩဂုတ် ၁၁ ရက်နေ့ ဆန္ဒပြပွဲမှာတော့ ဟိန္ဒူတွေသာ မကဘဲ တခြားလူနည်းစု ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေကပါ အတူချီတက်ခဲ့ကြတာ တွေ့ရပါတယ်။ ဆန္ဒပြသူတွေက ဩဂုတ် ၅ ရက်မှာ ဟာဆီနာ ထွက်ပြေးသွားတဲ့နောက်ပိုင်း ဟိန္ဒူတွေအပေါ် ဖိအားပေး ရန်လိုမှုတွေ သိသိသာသာ မြင့်တက်လာတဲ့အပေါ် မကျေမနပ် ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒပြသူ တစ်ဦးက ဘင်္ဂလားဒေ့ရှ်ဟာ သူ့ရဲ့ ဇာတိနိုင်ငံဖြစ်ကြောင်း၊ ဘယ်လိုအခြေအနေမှာမဆို မိခင်နိုင်ငံကို စွန့်ခွာသွားမှာ မဟုတ်ကြောင်း ရေးသားထားတဲ့ ကတ်ပြားကို ကိုင်ဆောင်လာတာ တွေ့ရပါတယ်။ စစ်တကောင်းမှာရှိတဲ့ ဟိန္ဒူ ဘာသာဝင်တွေက သူတို့ရဲ့ ဘာသာရေးအရ ဝတ်ပြုတဲ့ နေရာတွေပါ ပစ်မှတ်ထား တိုက်ခိုက် ခံနေရတယ်လို့ ပြောပါတယ်။
အစဉ်အလာအရတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဟိန္ဒူတွေဟာ ဟာဆီနာရဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီကို အမာခံ အားပေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် သတ်မှတ်နိုင်ပါတယ်။
လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး ဟာဆီနာဟာ အိန္ဒိယကို ထွက်ပြေးသွားခြင်းနဲ့အတူ သူ့ရဲ့ ၁၅ နှစ်တာ ဆက်တိုက် အုပ်စိုးမှုကာလ အဆုံးသတ်သွားပေမယ့် သွေးချောင်းစီး ဖြစ်ရပ်တွေကတော့ မရပ်တန့်သေးပါဘူး။ ဩဂုတ် ၅ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံအနှံ့မှာ လူနည်းစု အသိုက်အဝန်းတွေအပေါ် ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှုတွေ ၂၀၅ ခုထက်မနည်း ဆက်လက် ဖြစ်ပွားခဲ့ပြီး အသေအပျောက် ၂၃၀ ကျော် ထပ်မံ တိုးပွားလာတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား: NDTV