ဒီပ/ People’s Spring
ပြည်တွင် ငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုးမှာ ယနေ့(သြဂုတ် ၁၃) သမိုင်းတစ်လျှောက်အနိမ့်ဆုံးစံချိန်သို့ ထပ်မံကျဆင်းခဲ့သည်။
ပြင်ပငွေကြေးဈေးကွက်တွင် သြဂုတ် ၁၃ ရက်နေ့လယ်ပိုင်းတွင် အမေရီဒေါ်လာမှာ ၁ဒေါ်လာလျင် ကျပ် ၇၀၀၀ အထက်သို့ စရောက်လာပြီး ၊ ဘတ်ဈေးမှာ ၁ ဘတ်လျင် ၂၀၀ ကျပ်၊ ယွမ်ဈေးမှာ ၁ ယွမ်လျင် ၁၀၀၀ ကျပ် ဈေးပေါက်နေပြီး အဆိုပါနှုန်းများမှာ သမိုင်းတလျှောက် ကျပ်ငွေတန်ဖိုး အနိမ့်ဆုံးကျဆင်းခြင်းဖြစ်သည်။ ရွှေဈေးမှာလည်း အခေါက်ရွှေ ၁ ကျပ်သားလျင်ကျပ်၇၈ သိန်းခန့်အထိတက်လာကြောင်းစုံစမ်းသိရသည်။
စစ်တပ်အာဏာမသိမ်းခင်က ၁ ဒေါ်လာ ၁၃၀၀ ကျပ်ကျော် ၊ ၁ လတ် ၅၅ ကျပ်ကျော် သာရှိခဲ့ပြီး လက်ရှိဈေးဖြင့် နှိုင်းယှဥ်ပါက ဒေါ်လာဈေးမှာ ၅ ဆ ကျော် ၊ ဘတ်ဈေးမှာ ၄ ဆ ဝန်ကျင်တက်ခဲ့ခြင်းဖြစ်သည်။ အာဏာမသိမ်းခင်က ရွှေဈေးမှာလည်း ၁ ကျပ်သားလျင် ကျပ် ၁၃ သိန်းကျော်သာရှိခဲ့သဖြင့် ၆ ဆ ခန့်ဈေးတက်လာခဲ့ခြင်းဖြစ်သည်။
ကျပ်ငွေတန်ဖိုးမှာဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရခြင်းဖြစ်သည်။
အဆိုပါနှုန်းများမှာ ဟွန်ဒီဈေး ၊လက်ကားဈေးဖြစ်ပြီး ပြည်တွင်း၌ အရွက်ရေဖြင့် ရောင်းသော ၊လက်လီရောင်းဈေးမှာထိုထက်ပင်များနိုင်ကြောင်းငွေလဲလှယ်နေသူများကပြောသည်။ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းကာ ဒေါ်လာ၊ဘတ် ၊ယွမ် စသောနိုင်ငံခြားငွေ ဈေးများ တရှိန်ထိုးတက်နေသော်လည်း ဈေးကွက်တွင် နိုင်ငံခြားငွေများမှာ ဝယ်သူသာများပြီးရောင်းသူနည်းနေကြောင်းငွေကြေးရောင်းဝယ်သူအချို့ကပြောသည်။
“ဒေါ်လာကလည်းဝယ်လို့မရဘူး ။ အရင်က ကြောက်လို့ဝယ်တာ( နိုင်ငံခြားငွေဝယ်ယူတာ) ကပြန်ကျတယ် ။အခုက အရင်နဲ့မတူဘူး”ဟု ငွေကြေးရောင်းဝယ်သူတစ်ဦးက ပြောသည်။
ငွေဈေးအတက်အကျကြမ်းသဖြင့် ငွေကြေးရောင်းဝယ်သူအချို့ အရောင်းအဝယ် ခတ္တရပ်နားထားကြသလို ၊ရောင်းဝယ်သူအချို့ အရှုံးပေါ်နေသည်။ နိုင်ငံခြားငွေဈေးကို မှီခိုလုပ်ကိုင်ေိရသောလုပ်ငန်းများလည်း လုပ်ငန်းလည်ပက်ရန်အခက်တွေ့နေကြောင်းသိရသည်။
ကျပ်ငွေတန်ဖိုးစံချိန်တင် ထိုးကျနေခြင်းမှာစစ်ကောင်စီမှာ ကျပ်ငွေ စက္ကူများ အများအပြားဆက်တိုက် ရိုက်နှိပ် ထုတ်ဝေနေခြင်း ၊ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုဖြစ်နေပြီး ကုန်သွယ်ရေးကျဆင်းကာပြည်တွင်းသို့ နိုင်ငံခြားငွေ ဝင်ရောက်မှုနည်းလာခြင်း ၊ စစ်ကောင်စီ မှလက်နက်ခဲယမ်းနှင့် လေယာဥ်ဆီဝယ်ရန် နိုင်ငံခြားငွေ လိုနေပြီးလိုက်ဝယ်ခြင်း ၊ဗိုလ်ချုပ်များ အရာရှိများကိုယ်တိုင် ကျပ်ငွေရောင်းပြီးနိုင်ငံခြားငွေ ဝယ်ခြင်း ၊ ကျပ်ငွေအပေါ်ယုံကြည်မှုကျဆင်းပြီးတိုက်ပွဲဖြစ်ပွားရာ ဒေသမှ ငွေကြေးတက်နိုင်သူများက ကျပ်ငွေအစား ဒေါ်လာ၊ဘတ် စသဖြင့် ငွေမာပြောင်းကိုင်ခြင်း စသောအကြောင်းရင်းများကြောင့်ဖြစ်ကြောင်း စုံစမ်းသိရသည်။
“မြန်မာပြည်မှာ ဒေါ်လာမရှိတော့လို့ ပြည်တွင်းမှာ Income မရှိတော့ဘဲ ပြည်ပကသွင်းကုန်မဝယ်တော့ဘူး။ ပြည်ပကနေ စက်သုံးစီတောင် မဝယ်နိုင်တော့ဘူး။ ဆီ(စက်သုံးဆီ)သာထပ်ဝယ်ရင် ဈေးကထက်တက်အုံးမှာ”ဟု ငွေကြေးရောင်းဝယ်သူတစ်ဦးကပြောသည်။
ပြည်သူများက ဘဏ်များအပေါ် ၊ကျပ်ငွေအပေါ်ယုံကြည်မှုမရှိတော့သဖြင့် ဘဏ်မှ ငွေများထုတ်ပြီး ၊စစ်ကောင်စီကလည်း ဘဏ်များကလိုသမျှငွေစက္ကူကို လှိမ့်ရိုက်ထုတ်ပေးသောနည်းဖြင့် ဖြေရှင်းခြင်း ၊နိုင်ငံတဝန်း စစ်ရှိန် ပြင်းထန်လာသောကြောင့် ကျပ်ငွေတန်းဖိုးဆက်တိုက်ကျဆင်းနေခြင်းဟု၎င်းကသုံးသပ်သည်။
“အဓိကတော့ တိုင်းပြည်မှာ နိုင်ငံခြားဝင်ငွေ မရှိတာပေါ့။နောက်ပြီး လိုသမျှငွေကို ပုံနှိပ်စက်ကနေ ထုတ်ပြီးဖြေရှင်းနေတော့ ငွေကြေးက ပိုကျလာတာပေါ့”ဟု ငွေကြေးအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။
“အခုက new environment ကလူတွေပါထွက်ဝယ်နေတာ”ဟု ငွေကြေးဈေးကွက်ကျွမ်းကျင်းသူတစ်ဦးကပြောသည်။ ၎င်းပြောသည့် new environment မှာ ယခင် ငွေကြေးရောင်းဝယ်လဲလှယ်နေကြမဟုတ်ဘဲ တိုက်ပွဲများကြောင့်တိမ်းရှောင်ရသော သူဌေးများကပါ ကျပ်ငွေကို နိုင်ငံခြားငွေဖြင့် လဲလှယ်လာကြခြင်းဖြစ်သည်။
ဒေါ်လာဈေးတက်ပြီး ဒေါ်လာရှားပါသဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု လျော့နည်းလာသဖြင့်စက်သုံးဆီဆိုင်များတွင် ဆီရှားပါးမှု ပြသာနာထပ်ဖြစ်လာပြီး ကာလတိုအတွင်းပြေလည်ရန်မလွယ်ကူကြောင်းလုပ်ငန်းရှင်များကပြောသည်။စက်သုံးဆီဈေးကြီးပြီးရှားပါးလာသဖြင့် အထွေထွေကုန်ဈေးနှုန်းများလည်းထက်မံတက်လာနိုင်ကြောင်းလုပ်ငန်းရှင်များကခန့်မှန်သည်။
ကျပ်ငွေတန်ဖိုး စံချိန်တင်ဖောင်းပွနေမှုနှင့် ပက်သပ်၍ နိုင်ငံရေးဘောဂလေ့လာသူတဦးက”ငွေတွေက လက်လွတ်စပယ် လှိမ့်ရိုက်နေတယ်။စီးပွါးရေးကတော့ စကစပြုတ်ပြီးမှ ပြန်လုပ်လို့ရမှာပဲ ။ဒီတိုင်းကတော့ ကုစားဖို့ ဆေးမရှိဘူး” ဟုပြောသည်။