Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာက ကူညီဖို့ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရခေါင်းဆောင် တောင်းဆို

ရိုဟင်ဂျာတွေကို ဆက်ကူညီသွားမယ်လို့ အာမခံ

နိုင်ငံကို ပြန်လည် တည်ဆောက်ရာမှာ နိုင်ငံတကာ အသိုက်အဝန်းဆီက ထိရောက်တဲ့ အကူအညီတွေ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရ ခေါင်းဆောင် ဒေါက်တာ မူဟာမက် ယူနွတ်စ်က ပြောကြားလိုက်ပါတယ်။ သူဦးဆောင်မယ့် ကြားကာလ အစိုးရရဲ့ မူဝါဒတွေကို ရှင်းလင်း ပြောဆိုရာမှာ ယူနွတ်စ်က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ခိုလှုံရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို အတတ်နိုင်ဆုံး ဆက်လက် ကူညီပေးသွားမယ်လို့လည်း ကတိပြုသွားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးလည်းဖြစ်၊ ဘင်္ဂလားဒေ့ရှ်ရဲ့ စံပြုထိုက်တဲ့ အသေးစား ချေးငွေ လုပ်ငန်းရှင်နဲ့ စီးပွားရေး ပညာရှင် တစ်ဦးလည်းဖြစ်တဲ့ ယူနွတ်စ်ဟာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအပြီး ပြည်ပကို ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာအစား နိုင်ငံကို ယာယီ ဦးဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

သူဟာ ဒါကာမြို့တော်က ဟိုတယ်တစ်လုံးမှာ ဩဂုတ် ၁၈ ရက်နေ့က နိုင်ငံတကာ သံအမတ် ၅၀ ဝန်းကျင်နဲ့ တွေ့ဆုံချိန်မှာ ယာယီအစိုးရရဲ့ ရည်ရွယ်ချက်တွေနဲ့ လမ်းစဉ်တွေအကြောင်း အသိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယူနွတ်စ်က ဟာဆီနာကို တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင် ဆန္ဒပြပြီး ဖြုတ်ချခဲ့ခြင်းကို ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုတိယမြောက် လွတ်လပ်ရေးလို့ ညွှန်းဆိုခဲ့ပြီး အခုအချိန်မှာတော့ နိုင်ငံရဲ့ ဦးတည်ရာဟာ ဒီမိုကရေစီ ပြည့်ဝတဲ့ အနာဂတ် တစ်ခုတည်းသာ ဖြစ်ဖို့လိုလာကြောင်း အလေးအနက် ပြောကြားသွားပါတယ်။

ကြားကာလ အစိုးရရဲ့ အတိုင်ပင်ခံချုပ်အဖြစ် တာဝန်ယူထားသူ ယူနွတ်စ်က တော်လှန် ဆန္ဒပြခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ ဘင်္ဂလားဒေ့ရှ်ကို ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်လာစေဖို့ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တောင်းဆိုခဲ့ကြကြောင်း၊ ဒါဟာ ကြီးမားတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေရဲ့ အားထုတ်မှုအပြင် နိုင်ငံတကာ အသိုက်အဝန်းဆီက အကူအညီတွေကိုပါ လိုအပ်မှာဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟာဆီနာ လက်ထက်မှာ နိုင်ငံရဲ့ တရားစီရင်ရေး ကဏ္ဍဟာ အရမ်းခြစားခံခဲ့ရသလို ဒီမိုကရေစီ အခွင့်အရေးတွေကိုလည်း ဖိနှိပ်ခဲ့ကြောင်း၊ အဂတိကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်း၊ အကျိုးဆက် အနေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အနေအထားဟာ စိုးရိမ်စရာ အခြေအနေမျိုးအဖြစ် ကျန်နေခဲ့ကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။ သူဦးဆောင်တဲ့ ကြားကာလ အစိုးရဟာ တရားဥပဒေ စိုးမိုးရေး ပြန်လည်ထူထောင်ဖို့၊ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းပတမ်း ဖြစ်စဉ်တွေနဲ့ လုပ်ရပ်တွေအပေါ် တရားမျှတစွာ ကိုင်တွယ်ဖို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတို့ကို မြဲမြဲ ဆုပ်ကိုင်ထားဖို့ ဦးစားပေး လုပ်ဆောင်ရမယ်လို့လည်း ယူနွတ်စ်က ဆိုပါတယ်။

တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ အစိုးရ အပြောင်းအလဲနောက်ပိုင်း ဟာဆီနာကို ထောက်ခံတဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေလိုမျိုး အကြမ်းပတမ်း လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးစုံစမ်းရေး အရာရှိတွေက တာဝန်ယူ စစ်ဆေးမှုကို ယာယီ အစိုးရက အပြည့်အဝ ပူးပေါင်း ကူညီပေးမယ်လို့လည်း ယူနွတ်စ်က ကတိပြုခဲ့ပါတယ်။

သူက လတ်တလော အရေးတကြီး လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး အဆင့်တွေ ပြီးမြောက်ပြီ ဆိုတာနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို သေချာပေါက် ကျင်းပပေးမယ်လို့လည်း ဆက်ပြောပါတယ်။

သူက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတ်နိုင်သမျှ ဆက်လက် အကူအညီ ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်ခွင့်ရရေး မျှော်မှန်းချက်မှာ နိုင်ငံတကာက ပူးပေါင်း ကူညီပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိ ခိုလှုံနေတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ကျွန်တော်တို့ အစိုးရက ဆက်ပြီး အားပေး ကူညီနေမှာပါ။ တစ်ဖက်မှာလည်း နိုင်ငံတကာ အသိုက်အဝန်းဆီကနေ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အစီအမံတွေ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနေဖို့၊ ရိုဟင်ဂျာတွေက နေရပ် မြန်မာနိုင်ငံဆီ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ရပိုင်ခွင့်တွေ ပြည့်ဝစွာနဲ့ ပြန်ခွင့်ရရေးအတွက် ဆက်လက် အားပေးကူညီဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်”လို့ ယူနွတ်စ်က ပြောကြားသွားပါတယ်။

ယူနွတ်စ်က ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေး ကဏ္ဍမှာ လှုပ်ခတ်မှု ကြီးကြီးမားမားတွေ ဖြစ်သွားခဲ့ပေမယ့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဖက် နိုင်ငံတွေ၊ လုပ်ငန်းတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ပင်မ အသက်သွေးကြော နိုင်ငံခြားဝင်ငွေ ရင်းမြစ်ဖြစ်တဲ့ အထည်ချုပ် လုပ်ငန်းတွေအပေါ် ဆက်လက် ယုံကြည်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ အဆုံးသတ်မှာ ဒီမိုကရေစီ ပြည့်ဝတဲ့ အနာဂတ်မျိုး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်လာမယ် ဆိုတာကိုလည်း သူက အလေးအနက် ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား -Dhaka Tribune

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင် အစိုးရအား ဖြုတ်ချနိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျောင်းသား လူငယ်များနှင့် ပြည်သူများ၏ အောင်မြင်မှုများအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း မြန်မာ့နွေဦး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ယနေ့(သြဂုတ် ၁၆ရက်)ထုတ်ပြန်သည်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ လူသတ်မှုတွေအတွက် အဓိက စေခိုင်းသူအဖြစ် မျက်ကွယ်မှာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ပြည်ပကို ထွက်ပြေးသွားတဲ့ ဖြစ်စဉ်အပြီး ပြည်တွင်းနေ ဟိန္ဒူ ဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကို ကြားကာလ ယာယီ အစိုးရက ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

သူ့ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားဖို့ အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင် တွန်းအားပေးမှုတွေ ရှိခဲ့နိုင်တယ်လို့ ရှိတ်ခ်ဟာဆီနာက သူ့ရဲ့ မပြောဖြစ်ခဲ့တဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲထားခဲ့ကြောင်း သိရပါတယ်။