Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖခင်၊ အဒေါ်တို့လို ပုံစံမျိုးနဲ့ ဝန်ကြီးချုပ်ဘဝ အဆုံးမသတ်လိုကြောင်း ထိုင်းဝန်ကြီးချုပ်သစ်ပြော

ဖခင်နဲ့ အဒေါ်ဖြစ်သူတို့ရဲ့ မလှပတဲ့ ဝန်ကြီးချုပ်ဘဝ အဆုံးသတ်မျိုးတွေ သူ့လက်ထက်မှာတော့ ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ထားကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပေတွန်တန် ရှီနာဝပ်ထရာက ပြောပါတယ်။

ဖခင်နဲ့ အဒေါ်ဖြစ်သူတို့ရဲ့ မလှပတဲ့ ဝန်ကြီးချုပ်ဘဝ အဆုံးသတ်မျိုးတွေ သူ့လက်ထက်မှာတော့ ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ထားကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပေတွန်တန် ရှီနာဝပ်ထရာက ပြောပါတယ်။

အသက် ၃၇ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံ သမိုင်းမှာ အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် လွှတ်တော်ရဲ့ မဲပေးအတည်ပြုမှုကို ရရှိခဲ့တဲ့ ပေတွန်တန်ဟာ ဩဂုတ် ၁၈ ရက်မှာတော့ ထိုင်းဘုရင်ဆီက ကောင်းချီးပေး အသိအမှတ် ပြုမှုကို ခံယူရင်း ဝန်ကြီးချုပ် ရာထူးကို တရားဝင် ဆက်ခံခဲ့ပါတယ်။

ပေတွန်တန်ရဲ့ ဖခင်ဟာ ခေတ်သစ် ထိုင်းနိုင်ငံရေး နယ်ပယ်မှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ်ရမယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ ဖြစ်ပါတယ်။ ပေတွန်တန်ရဲ့ အဒေါ် ယင်လက်ခ် ရှီနာဝပ်ထရာကလည်း ဝန်ကြီးချုပ်ဟောင်း တစ်ဦးပါ။

Public Service Announcement

Public Service Announcement

သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှားခံရပြီး ပြည်ပမှာ ၁၅ နှစ်လောက် သွားရောက် တိမ်းရှောင်နေခဲ့ရပါတယ်။ သူဟာ မျက်ကွယ်မှာ ချမှတ်ခံရတဲ့ တရားရေး ပြစ်ဒဏ်တွေကနေ ရှောင်လွှဲနေရာကနေ မနှစ်က ထိုင်းကို ပြန်ရောက်လာခဲ့ပါတယ်။ သမီးဖြစ်သူ ဝန်ကြီးချုပ်သစ် ဖြစ်လာချိန်မှာတော့ သက်ဆင်ဟာ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အပြည့်အဝ ရရှိခံစားပြီး ပြစ်ဒဏ်အားလုံးကနေ ပြီးဆုံး လွတ်မြောက်ခဲ့ပါတယ်။

ပေတွန်တန်ရဲ့ အဒေါ် ယင်လက်ခ်ကတော့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး လက်ရှိ အချိန်ထိ ပြည်ပမှာပဲ အခြေချ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ ယင်လက်ခ် ရာထူးစွန့်ရပြီး မကြာခင်မှာပဲ ထိုင်းစစ်တပ်က ၂၀၁၄ ခုနှစ်မှာ နောက်တစ်ကြိမ် အာဏာသိမ်းခဲ့ပြန်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၃၁ ဆက်မြောက် ဝန်ကြီးချုပ် ရာထူးကို လက်ခံပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာတော့ ပေတွန်တန်က သူ့ဖခင်၊ သူ့အဒေါ်တို့နဲ့ တူညီတဲ့ ကံကြမ္မာမျိုးကို ဘယ်သူမှ ကြုံချင်မှာ မဟုတ်ကြောင်း၊ သူတို့နှစ်ယောက်လည်း မလိုလားခဲ့ကြောင်း၊ အခုအချိန်မှာတော့ သူ့ရဲ့ ရည်ရွယ်ချက်က ဝန်ကြီးချုပ် တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အာရုံစိုက် ထမ်းဆောင်နိုင်ရေးသာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် အတိတ်က ဖြစ်စဉ်တွေကို အကြောင်းပြုပြီး နောက်ဆံငင်နေရင် ရှေ့ကို ဆက်တိုးပြီး ရည်မှန်းချက် ပန်းတိုင်တွေဆီ ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ဘူးလို့လည်း ထောက်ပြသွားပါတယ်။

ပေတွန်တန်က သူဟာ အခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ရာထူးကနေ ရုတ်တရက် ဖယ်ရှားခံလိုက်ရတဲ့ ပါတီတူ ဝန်ကြီးချုပ်ဟောင်း ဆရက်သာ သာဗီဆန် လက်ထက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ မူးယစ်ဆေးဝါး မှောင်ခို တိုက်ဖျက်မှု၊ ကျန်းမာရေး စနစ်တွေ မြှင့်တင်မှုဆိုင်ရာ မူဝါဒတွေကို ဆက်ခံ ကျင့်သုံးသွားမှာ ဖြစ်ကြောင်းနဲ့ လိင်တိမ်းညွှတ်စိတ် ကွဲပြားသူအားလုံး တန်းတူညီမျှ ရှိခွင့်ကိုလည်း ဆက်လက် အားပေး ထောက်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရက်သာ လက်ထက်တုန်းက အငြင်းပွားစရာတွေ ရှိခဲ့တဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် အစီအစဉ်ကို သူ့အစိုးရက စွန့်ပစ်မှာ မဟုတ်ကြောင်း၊ အဲဒီအစား ပိုမိုစုံလင်တဲ့၊ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေကို ထည့်သွင်း စဉ်းစားစေမှာဖြစ်ကြောင်းလည်း ပေတွန်တန်က ပြောကြားသွားပါတယ်။ အဲဒီ အစီအစဉ်ဟာ နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံသားတွေကို ဒစ်ဂျစ်တယ် ငွေကြေးယူနစ်တွေ ဖြန့်ဝေပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အတိုက်အခံတွေကတော့ ဒါဟာ လက်တွေ့ အကျိုးမရှိနိုင်တဲ့ စိတ်ကူးတစ်ခုအဖြစ် ထိုးနှက်ထားကြပါတယ်။

ပေတွန်တန်က သူဦးဆောင်မယ့် အစိုးရမှာ ဖခင်ဖြစ်သူဟာ တရားဝင် ရာထူးတစ်ခု ရယူပြီး ပါဝင်ဖို့ အစီအစဉ် မရှိဘူးလို့လည်း အတည်ပြုသွားပါတယ်။ သူဟာ ဖခင်ဖြစ်သူရဲ့ လွှမ်းမိုးမှုအောက်မှာ အမြဲတမ်း ရှိနေပြီး သက်ဆင်ရဲ့ ရုပ်သေးထက် မပိုဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ ဝန်ကြီးချုပ်သစ်က သူအပါအဝင် ရှီနာဝပ်ထရာ မိသားစုဝင် တစ်ဦးချင်းစီတိုင်းမှာ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိနေပြီး အဲဒါတွေကို ထုတ်ဖော် ဝေမျှဖို့လည်း ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ တုံ့ပြန်သွားပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာအလုပ်သမား ရာနဲ့ချီ စုဝေးပြီး ​သောကြာ်​နေ့ညမှာ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူဟာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်သစ် နေရာအတွက် ထိုင်းရဲ့ ညွန့်ပေါင်းအစိုးရဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးကို လွှတ်တော်မှာ အဆိုပြုသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းရဲ့ အခြေခံ ဥပဒေ ခုံရုံးဟာ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို ဝန်ထမ်း ခန့်အပ်မှုဆိုင်ရာ ကျင့်ဝတ်ပိုင်း ချိုးဖောက်မှုအတွက် ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။