အာဖဂန်နစ္စတန် ငလျင်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈၀၀ ကျော်လွန်သွားပြီဖြစ်ပြီး ဒဏ်ရာရသူကလည်း ထောင်နဲ့ချီ များပြားခဲ့ပါတယ်။
မဂ္ဂနီကျု ၆.၀ အဆင့် မြေတိမ်ငလျင်တစ်ခုဟာ အာဖဂန် အရှေ့ပိုင်း၊ ပါကစ္စတန်နိုင်ငံနဲ့ နယ်စပ်နားမှာ ဩဂုတ် ၃၁ ရက်နေ့ ညသန်းခေါင် မတိုင်ခင် မိနစ်ပိုင်းအလိုမှာ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ဒဏ်ကို တောင်ထူထပ်ရာ ကူနန် ပြည်နယ်မှာ အပြင်းထန်ဆုံး ခံစားခဲ့ရပြီး နန်ဂါဟာ ပြည်နယ်ထဲမှာလည်း ထိခိုက်သေကြေမှုတွေ၊ ပျက်စီးမှုတွေ ကြုံခဲ့ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ အသေအပျောက် ၈၀၀ ကျော် စာရင်းရထားပြီးပေမယ့် အဲဒီထက် တိုးလာနိုင်ခြေ ရှိနေဆဲပါ။ ငလျင်ကြောင့် လမ်းတွေပျက်၊ မြေတွေပြိုတာကြောင့် တချို့ရွာတွေဆီ အဆက်အသွယ် မရနိုင်သေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် ရွာလုံးကျွတ် ပျက်စီးပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်တွေတောင် ရှိခဲ့တယ်လို့ အသက်ရှင် လွတ်မြောက်လာသူတွေက ပြောပါတယ်။
ငလျင်နောက်ပိုင်း အဲဒီဧရိယာ တဝိုက်မှာ နောက်ဆက်တွဲ ငလျင်တွေလည်း ဆက်လှုပ်နေတာကြောင့် ဒေသခံတွေဟာ စက်တင်ဘာ ၁ ရက် ညပိုင်းကို အိမ်အပြင်ထွက်ပြီး ကွင်းပြင်တွေမှာပဲ ဖြတ်သန်း ကုန်ဆုံးခဲ့ရပါတယ်။

Public Service Announcement
အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အဖွဲ့က ငလျင်ဘေးသင့် ပြည်သူတွေအတွက် နိုင်ငံတကာ အထောက်အပံ့တွေ အကူအညီ တောင်းခံထားပြီး နိုင်ငံတချို့က အကူအညီတွေ ပေးပို့မယ်လို့ ကတိပြုထားပါတယ်။
အာဖဂန်ရဲ့ အစိတ်အပိုင်းတချို့မှာ မိုးခေါင်နေပြီး နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေ ဖြတ်တောက်ခံရမှုတွေလည်း ရှိနေတဲ့အပြင် အခုအခါ ငလျင်နဲ့ပါ ထပ်ကြုံရတာ ဖြစ်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)ကတော့ အာဖဂန်ရဲ့ လက်ရှိ အနေအထားအတိုင်း ဆက်သွားရင် ဆိုးရွားတဲ့ ဆာလောင်မွတ်သိပ်မှု ပြဿနာတွေ ကြုံလာနိုင်ကြောင်း သတိပေးထားပါတယ်။
ငလျင်ဟာ အာဖဂန်ရဲ့ ပဉ္စမ အကြီးဆုံးမြို့ဖြစ်တဲ့ ဂျာလာလာဘတ်ရဲ့ အရှေ့ဖက် ၂၇ ကီလိုမီတာ၊ မြေအနက် ၈ ကီလိုမီတာလောက် ခပ်တိမ်တိမ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မြေတိမ်ငလျင်တွေဟာ မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်ထိခိုက်မှုတွေကို ပိုပြီး ကြီးကြီးမားမား ကြုံတွေ့စေတတ်ပါတယ်။
လက်ရှိမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေကို အပူတပြင်း ရှာဖွေနေပေမယ့် အကြီးစား စက်ယန္တရားတွေ မပြည့်စုံတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေက အခက်အခဲတွေ အများကြီး ဖြစ်နေစေပါတယ်။ အသက်ရှင်လျက် ပိတ်မိသူတွေ ရှိနေနိုင်ကြောင်း ဆက်သွယ်လာတာတွေ တော်တော်များများ လက်ခံရရှိထားပြီး သူတို့ကလည်း ရနိုင်သမျှကို ကယ်ဖို့ ကြိုးစားနေတယ်လို့ နန်ဂါဟာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးမှူးနေသူ ဆိုင်ယက်ဒ် ရာဟင်မ်က ပြောကြားခဲ့ပါတယ်။
တောင်ပေါ်ကျေးရွာတွေမှာတော့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ဒေသခံတွေကပဲ ကိုယ်ထူကိုယ်ထ အဓိက ဆောင်ရွက်နေရပါတယ်။ လောလောဆယ်တော့ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဆွစ်ဇာလန်စတဲ့ နိုင်ငံတချို့က အာဖဂန်ဆီ ထောက်ပံ့ရေး အကူအညီတွေ ပေးပို့ဖို့ ကတိပြုထားကြောင်းလည်း သိရပါတယ်။
ကိုးကား: Al Jazeera
