လူတွေ ထာဝရ မသေဆုံးတဲ့ထိ ဖြစ်လာနိုင်မယ့် အနာဂတ် ဆေးပညာ တိုးတက်မှုတွေ အကြောင်းကို ရုရှားနဲ့ တရုတ် သမ္မတတွေက ဆွေးနွေးခဲ့ကြပါတယ်။
ဘေဂျင်းမှာ စက်တင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အိမ်ရှင်သမ္မတ ရှီကျင့်ဖျင်နဲ့ အဲဒီအကြောင်းကို စိတ်ဝင်တစား စကားပြောခဲ့ကြပြီး စကားပြန်တွေက မိုက်ကို ပိတ်မထားမိခဲ့ပါဘူး။
အာဏာရှင်တွေအဖြစ် သတ်မှတ်ခံရတဲ့ ရှီနဲ့ ပူတင်တို့က အများနဲ့ မရောနှောဘဲ သီးခြားဆွေးနွေးနေကြတဲ့ အချိန်တစ်ခုကို တရုတ် အစိုးရ မီဒီယာက တိုက်ရိုက် ထုတ်လွှင့်ပြသချိန်မှာ အဲဒီလိုမျိုး မိုက်မပိတ်မိတဲ့ကိစ္စ ဖြစ်လာခဲ့တာပါ။
ပူတင်ရဲ့ စကားကို ဘာသာပြန်ပေးသူ ရုရှား စကားပြန်က ဇီဝနည်းပညာတွေဟာ စဉ်ဆက်မပြတ် တိုးတက်နေကြောင်း၊ လူ့ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စဉ်ဆက်မပြတ်အစားထိုးနိုင်စွမ်း ရှိနေပြီး အသက်ရှည်ရှည်နေရင်း ပိုမိုနုပျိုလာနိုင်ကြောင်း၊ နောက်ဆုံးမှာ မသေမျိုး အဆင့်ထိတောင် ရောက်ကောင်း ရောက်လာနိုင်ကြောင်း တရုတ်လို ပြောကြားနေတာကို ကြားခဲ့ရပါတယ်။ ကင်မရာ ရိုက်ကွင်းထဲမှာ မပါတဲ့ ရှီကလည်း တရုတ်လို ပြန်ပြောရာမှာ တချို့တွေက အခုရာစုနှစ်ထဲမှာတင် လူ့သက်တမ်းကို နှစ်ပေါင်း ၁၅၀ လောက်ထိ ဆွဲဆန့်နိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြတယ်လို့ တရုတ်ဘာသာနဲ့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement
နှစ်ယောက်စလုံးဟာ မသေမချင်း အာဏာကို ဆုပ်ကိုင်ထားမယ့်သူတွေအဖြစ် ယူဆခံထားရပြီး အခုတော့ လူ့သက်တမ်းကို ထပ်တိုးချဲ့ဖို့ပါ စိတ်တူကိုယ်တူ အားတက်သရော ဆွေးနွေးနေကြပြန်တာ ဖြစ်ပါတယ်။ ၂၀၁၈ မှာ ရှီဟာ တရုတ်ရဲ့ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး အဓိပ္ပါယ်ကတော့ သူဟာ အသက်ရှင်နေသ၍ ပါတီက ထောက်ခံရင် ဒီရာထူးကနေ ဆင်းပေးစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်လာပါတယ်။ ပူတင်ကလည်း ရုရှား သမ္မတ နေရာမှာ သူ့ရဲ့ အာဏာစက်ကို အချိန်အကြာကြီး ချုပ်ကိုင်ထားနိုင်အောင် ဖွဲ့စည်းပုံ ဥပဒေတွေကို ပြင်ဆင်စေခဲ့ပါတယ်။
ပူတင်က သူဟာ ရှီနဲ့တွေ့ဆုံချိန်မှာ လူ့သက်တမ်းကို တိုးမြှင့်နိုင်မယ့် နည်းပညာ အလားအလာတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။
လေ့လာသူတွေကတော့ ပူတင်အပါအဝင် ရုရှားရဲ့ ရေပေါ်ဆီ အသိုက်အဝန်းမှာ ရှိနေသူတွေဟာ သိပ္ပံပညာက လူ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်မယ်ဆိုတဲ့ စိတ်ကူးယဉ်မှုမျိုးကို အခိုင်အမာ ယုံကြည်နေကြတယ်လို့ ပြောပါတယ်။
ပူတင်ကိုယ်တိုင်ကလည်း ၂၀၂၄ ခုနှစ်တုန်းက ကျန်းမာရေး စောင့်ရှောက်မှု နည်းပညာသစ် သုတေသန စင်တာဆိုတဲ့ ဌာနတစ်ခုကို ထူထောင်စေပြီး အိုမင်းရင့်ရောက်မှုကို တိုက်ဖျက်မယ့် နည်းလမ်းတွေကို အထူးပြု လေ့လာနေစေပါတယ်။ အဲဒီစင်တာရဲ့ ရည်ရွယ်ချက်က ဆဲလ်တွေ အိုမင်းခြင်း၊ အာရုံကြောဆိုင်ရာ နည်းပညာတွေနဲ့ တခြားဇီဝဖြစ်စဉ် နည်းပညာတွေကို အဓိကထား လေ့လာပြီး အသက်ရှည်မှု နည်းလမ်းတွေကို ရှာဖွေစေဖို့ ဖြစ်ပါတယ်။
ပူတင်ရဲ့ သမီးကြီးဖြစ်သူ ဟော်မုန်းအထူးပြု ဆေးပညာရှင် မာရီယာ ဗိုရွန်ဆိုဗာဟာလည်း ဆဲလ်တွေ အသစ်ပြန်လည် နိုးထမှုဆိုင်ရာ သုတေသန ဆန်းစစ်ချက်တွေကို လေ့လာနိုင်အောင် ရုရှားအစိုးရဆီက ရန်ပုံငွေတွေ ဒေါ်လာ သန်းနဲ့ချီ အထောက်အပံ့ ရရှိထားတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ဗိုရွန်ဆိုဗာဟာ ဒေါ်လာ ဘီလီယံတွေနဲ့ချီ တန်ကြေးရှိပြီး ရုရှားအစိုးရက ထောက်ပံ့ပေးထားတဲ့ မျိုးဗီဇ လေ့လာရေး စီမံကိန်းတွေကိုလည်း ကြီးမှူးနေတယ်လို့ သိရပါတယ်။
ကိုးကား: Guardian
