စစ်ပြီးကာလ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို ကူညီကာကွယ်ပေးမယ့် နိုင်ငံတကာ တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် တပ်တွေ စေလွှတ်ပေးဖို့ နိုင်ငံပေါင်း ၂၆ ခုက သဘောတူထားတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးသွားတဲ့အခါ ဥရောပ နိုင်ငံတွေက ဦးဆောင်ပြီး ယူကရိန်းရဲ့ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးကို ကာကွယ်နိုင်မယ့် အာမခံချက်မျိုး ဖန်တီးပေးဖို့ ကြိုးစားနေကြောင်း မာခရွန်က စက်တင်ဘာ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ စိတ်ထားတူ နိုင်ငံများ အစုအဖွဲ့လို့ ရည်ညွှန်း ခေါ်ဝေါ်လေ့ရှိပြီး ယူကရိန်းကို ထောက်ခံလိုတဲ့ နိုင်ငံ ၃၅ ခုရဲ့ ကိုယ်စားလှယ်တွေက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မာခရွန်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၃၅ နိုင်ငံထဲမှာ ၂၆ နိုင်ငံက ယူကရိန်းကို ကာကွယ်ပေးမယ့် တပ်ပေါင်းစုအတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ သဘောတူ ကတိပြုထားတာ ဖြစ်ပါတယ်။ အဲဒီကတိတွေက မြေပြင်တပ်တွေချည်း စေလွှတ်မယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ ရေကြောင်းနဲ့ လေကြောင်း ကာကွယ်ရေးအတွက် စစ်အင်အားတွေ ဖြန့်ကျက်ပေးထားမယ့် သဘောထားမျိုးတွေလည်း ပါဝင်ပါတယ်။ မာခရွန်က ၂၆ နိုင်ငံ စာရင်းကိုလည်း ထုတ်ပြောမသွားပါဘူး။
စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းက မာခရွန်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ တခြားဥရောပ နိုင်ငံ ခေါင်းဆောင်တွေအပြင် အမေရိကန် အစိုးရရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးဟာ အဲဒီနောက်မှာ ဝစ်ကော့ဖ်နဲ့ သီးခြား တံခါးပိတ် ဆွေးနွေးမှုတစ်ခု လုပ်ခဲ့ပါသေးတယ်။

Public Service Announcement
ဇီလန်စကီးနဲ့အတူ တွဲဖက်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မာခရွန်က ကာကွယ်ရေး တပ်ပေါင်းစုရဲ့ ရည်ရွယ်ချက်ဟာ ရုရှားနဲ့ စစ်ပြုဖက်ပြိုင် တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။ အဲဒီတပ်ရဲ့ အဓိက မစ်ရှင်ဟာ ယူကရိန်းမှာ နောက်ထပ် ကျူးကျော်စစ်ကြီးတစ်ခု ထပ်မကြုံအောင်၊ လုံခြုံရေး အာမခံချက် အဓွန့်ရှည် တည်ရှိနိုင်အောင် နိုင်ငံတွေ စုပေါင်းကူညီဖို့သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ပွဲအလွန် ယူကရိန်းနိုင်ငံ လုံခြုံရေးအတွက် စုပေါင်းဆွေးနွေးနေကြတဲ့ အားထုတ်မှုတွေမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာကို တိတိကျကျ မသိရသေးပေမယ့် ဇီလန်စကီးကတော့ လက်ရှိလမ်းကြောင်းကို အမေရိကန်က သဘောတူ ထောက်ခံထားကြောင်းနဲ့ အဲဒီအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ လောလောဆယ် ပြောပြလို့ မရနိုင်သေးဘူးလို့ သူက သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။
အနာဂတ်မှာ ယူကရိန်းကို ကူညီကာကွယ်ပေးမယ့် နိုင်ငံစုံ တပ်တစ်ခု ပေါ်ထွန်းလာစေရေးကို ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ဦးဆောင်ပြီး ညှိနှိုင်း စည်းရုံးနေတာလည်း ဖြစ်ပါတယ်။
ကိုးကား: CNA

















































