ဒူဘိုင်းကို ထွက်ပြေးသွားတယ်ဆိုတဲ့ ထင်ကြေးတွေကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ငြင်းဆိုခဲ့ပါတယ်။
သက်ဆင်ဟာ သူ့ရဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရစဉ် အတောအတွင်း အကျဉ်းထောင်ထဲမှာ မကုန်ဆုံးဘဲ ထိုင်းရဲတပ်ဖွဲ့ ဆေးရုံရဲ့ အထူးခန်းမှာ ရွှေ့ပြောင်း နေထိုင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၉ ရက်နေ့ ရုံးချိန်းမှာ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ထိုင်းမှာ သူကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီက အာဏာရ ညွန့်ပေါင်း အစိုးရ ဦးဆောင်အစုအဖွဲ့ နေရာကို ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီ ဘွန်ဂျိုင်ထိုင်းဆီ လွှဲပြောင်းပေးရဖို့ အလားအလာ များနေချိန်မှာ သက်ဆင်က ဆေးစစ်မှု ခံယူဖို့ဆိုပြီး ထိုင်းကနေ ရုတ်တရက် ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းတုန်းက သူ့ရဲ့ ကိုယ်ပိုင်လေယာဉ်ဟာ ဒွန်မောင်းလေဆိပ်ကနေ စင်ကာပူကို ပျံသန်း ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ ပျံသန်းမှုလမ်းကြောင်း ခြေရာခံ ဝက်ဘ်ဆိုက်တွေမှာတော့ သက်ဆင်ရဲ့ လေယာဉ်ဟာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ပျံသန်းသွားတယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Public Service Announcement
ဒါကြောင့်လည်း သက်ဆင်ဟာ တရားရုံးကို မသွားဘဲ ထွက်ပြေးသွားပြီဆိုတဲ့ ထင်ကြေးတွေ ပျံ့နှံ့လာခဲ့တာပါ။ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာတော့ သက်ဆင်က သူဟာ ထွက်ပြေးသွားတာ မဟုတ်ကြောင်းနဲ့ ထိုင်းကို ပြန်လာပြီး တရားခွင်ကို တက်ရောက်မှာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသား ဖြေရှင်းခဲ့ပါတယ်။
သူက ပြည်ပမှာ နေထိုင်ခဲ့ချိန် အတောအတွင်း သိကျွမ်းခဲ့တဲ့ ဆရာဝန် တစ်ဦးနဲ့ ဆေးစစ်ဖို့ စင်ကာပူမှာ ချိန်းဆိုထားခဲ့ကြောင်း၊ ဒါပေမဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းတွေ နှောင့်နှေးတာကြောင့် စင်ကာပူမှာ လေယာဉ်ဆင်းဖို့ အချိန် ညှိထားတာ အဆင်မပြေတော့တဲ့အတွက် ဒူဘိုင်းမှာ ဆေးသွားစစ်ဖို့ အစီအစဉ် ပြောင်းလဲလိုက်ရကြောင်း ဆိုပါတယ်။ လူဝင်မှု ကြီးကြပ်ရေးကိစ္စ စစ်ဆေးတာတွေက အချိန် ၂ နာရီလောက် ကြာသွားစေခဲ့တယ်လို့လည်း သက်ဆင်က ပြောပါတယ်။ ဒီတော့ ည ၁၀ နာရီထိပဲဖွင့်ပြီး ကိုယ်ပိုင်လေယာဉ်တွေ ဆင်းသက်နိုင်တဲ့ စင်ကာပူရဲ့ ဆီလက်တာ လေဆိပ်ကို အချိန်မီ မရောက်နိုင်ဘဲ ဖြစ်ခဲ့တာလို့ သက်ဆင်က ဖြေရှင်းထားပါတယ်။
သူဟာ ရုံးချိန်းခေါ်ထားတဲ့ နေ့မတိုင်ခင် တစ်ရက်အလို၊ စက်တင်ဘာ ၈ ရက်ထက် နောက်မကျစေဘဲ ထိုင်းကို ပြန်လာမယ်လို့လည်း သက်ဆင်က အာမခံ ရေးသားထားပါတယ်။
သက်ဆင်ရဲ့သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ထရာဟာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ရာထူးကနေ ဖယ်ရှားတာကို ခံခဲ့ရတဲ့နောက် သူ့ရဲ့ နေရာ ဆက်ခံမယ့် ဝန်ကြီးချုပ်သစ်ကို လွှတ်တော်က စက်တင်ဘာ ၅ ရက်မှာ မဲပေး ဆုံးဖြတ်မှာပါ။ ဖျူထိုင်းပါတီရဲ့ ပြိုင်ဘက် ဘွန်ဂျိုင်ထိုင်းပါတီ အကြီးအကဲ အညူတင် ချန်ဗီရာကူလ်ကတော့ သူဟာ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ လုံလောက်တဲ့ အမတ်အရေအတွက် ဦးရေကို စည်းရုံးထားနိုင်ပြီး ဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။
ကိုးကား: Guardian

















































