ရုရှားနဲ့ စစ်ပွဲ ရပ်ဆိုင်းပြီးသွားတဲ့နောက်ပိုင်း အားကောင်းတဲ့ လုံခြုံရေး အာမခံချက်မျိုး ပေးထားမယ်လို့ အမေရိကန်က ယူကရိန်းကို ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက် စစ်ပြေငြိမ်းရေးမှာ အဓိက အကျဆုံး ကိစ္စဖြစ်တဲ့ နယ်မြေတွေ ခွဲတမ်းချရေးကတော့ အခုထိ ညှိနှိုင်းပြေလည်မှု မရသေးပါဘူး။
ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့တွေတုန်းက ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စေလွှတ်တဲ့ အထူးကိုယ်စားလှယ် အဖွဲ့နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးမှာတော့ ယူကရိန်းဟာ ရုရှားတောင်းဆိုထားတဲ့ အရေးကြီး အချက်တစ်ခုဖြစ်တဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင်ဖြစ်ခွင့်ကို လက်လျှော့ပေးရမယ် ဆိုတာကို လိုက်လျောဖို့ သဘောတူခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ အနောက်နိုင်ငံတွေက ယူကရိန်းအတွက် အားကောင်းခိုင်မာတဲ့ လုံခြုံရေး အာမခံချက်မျိုး ပေးထားဖို့ ဇီလန်စကီးက တောင်းဆိုခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့ ဆွေးနွေးမှုတွေမှာတော့ ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က အမေရိကန်ဟာ ယူကရိန်းရဲ့ လုံခြုံရေးအတွက် အထူးအလေးအနက် အာမခံမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ အသေးစိတ်ကို မသိရသေးပေမယ့် အမေရိကန်ရဲ့ ကမ်းလှမ်းမှုဟာ NATOရဲ့ အပိုဒ် ၅ ပါ အပြန်အလှန် ကာကွယ်ရေး ပုံစံနဲ့ ဆင်တူတယ်လို့ ညှိနှိုင်းမှုနဲ့ နီးစပ်တဲ့ အမေရိကန် အရာရှိ တချို့က ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ယူကရိန်းသာ တိုက်ခိုက်ခံရရင် အမေရိကန်က စစ်ရေးအရ ဝင်ကူညီမယ်ဆိုတဲ့ သဘောမျိုး ဆန်ပါတယ်။
အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ပြေငြိမ်းရေးအတွက် အားတက်သရော ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဝစ်ကော့ဖ်က ယူကရိန်းနဲ့ ဆွေးနွေးမှုတွေက တိုးတက်လာနေတယ်လို့ ပြောခဲ့ပေမယ့် နယ်မြေခွဲဝေရေး ကိစ္စနဲ့ ပတ်သက်လို့တော့ ထင်ရှားမြင်သာတဲ့ သဘောတူညီမှုတွေ မတွေ့ရသေးပါဘူး။

Public Service Announcement
ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကျယ်ပြန့်တဲ့ ဒွန်းဘက်စ်ခ် ဒေသတစ်ခုလုံးကို တောင်းဆိုထားပြီး ယူကရိန်းကတော့ စစ်ပွဲရပ်ဖို့ နယ်မြေတွေ စွန့်လွှတ်ပေးရမယ်ဆိုတဲ့ သဘောတရားကို ဆက်ပြီး ငြင်းဆန်နေဆဲပါ။ ဇီလန်စကီးက အမေရိကန်နဲ့ ဆွေးနွေးမှုတွေဟာ အပြုသဘော ဆောင်ခဲ့ပေမယ့် လွယ်ကူတဲ့ အခြေအနေ မဟုတ်ဘူးလို့ ပြောပါတယ်။ သူက နောက်တစ်ဆင့် ဆွေးနွေးမှုတွေ မစခင်မှာ ယူကရိန်းဟာ အမေရိကန်က ပြောတဲ့ လုံခြုံရေး အာမခံချက် ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ဖက်ကတော့ ယူကရိန်းဆီ အဆိုပြုမယ့် လုံခြုံရေး အာမခံချက် ဆိုတာဟာ ပလက်တီနမ် အဆင့်အတန်းမျိုး အရမ်းကောင်းမွန်စေမှာ သေချာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အာမခံချက်ဟာ ထာဝရ တည်တံ့နေတာမျိုးတော့ မဟုတ်ဘဲ အချိန်ကာလ သက်တမ်းတစ်ခု ရှိလိမ့်မယ်လို့လည်း သူတို့က သတိပေးပါတယ်။ တစ်နည်းအားဖြင့် အဲဒီသက်တမ်း ကျော်လွန်သွားရင် အနောက်မဟာမိတ် ဥရောပ နိုင်ငံတွေက ယူကရိန်းရဲ့ လုံခြုံရေးကို အဓိက ကူညီ အားဖြည့်ပေးရမယ့် သဘောပါ။
လောလောဆယ် ထရမ့်က အဆိုပြုထားတဲ့ အချက်တွေထဲမှာ ဒွန်းဘက်စ်ရဲ့ အစိတ်အပိုင်း တချို့ကို စီးပွားရေး လွတ်လပ်ဇုန်နယ်မြေအဖြစ် သတ်မှတ်ရေးဆိုတာ ပါဝင်ပါတယ်။ အဲဒီဇုန်မျိုး ထူထောင်ဖို့ ယူကရိန်းက တပ်တွေ ရုပ်သိမ်းပေးရမှာ ဖြစ်ပြီး ရုရှားဖက်ကတော့ စစ်တပ်တွေ ဆုတ်ခွာမယ့် သဘော မရှိပါဘူး။
တချို့အပိုင်းတွေမှာ အမေရိကန်နဲ့ ယူကရိန်းကြား သဘောထား ကွာခြားမှုတွေ အရမ်း ကြီးကြီးမားမား ရှိနေတာကိုတော့ ရိုးရိုးသားသား ဝန်ခံရမယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။ လက်ရှိ အခြေအနေ အထိတော့ ဒွန်းဘက်စ် ဒေသနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်းတို့က အမေရိကန်ဆီ အဆိုပြုထားတဲ့ အချက်တွေဟာ ညှိနှိုင်းဖို့ အဆင်မပြေလောက်အောင် ကွာဟနေကြဆဲပါ။ ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေ ဖွဲ့စည်းထားတဲ့ ဒွန်းဘက်စ်ရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို ရုရှားတပ်တွေက ကျူးကျော် ထိန်းချုပ်ထားပါတယ်။
ကိုးကား: BBC
















































