ဇန်နဝါရီ – ၂၈ ၊၂၀၂၆
ရထားပေါ်မှာရေတွေထွေးထုတ်ခဲ့လို့လူပြောများခဲ့တဲ့အမျိုးသမီးကို စင်ကာပူမှာ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှုနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။
အသက် ၃၇ နှစ်အရွယ် ဆာဘရီနာ ဟန်မိုင်ဇန်ဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများခဲ့တဲ့ ဗီဒီယိုထဲက အမျိုးသမီး ဖြစ်ကြောင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။
သူ့ကို ဇန်နဝါရီ ၂၈ ရက်နေ့က ခရိုင်တရားရုံး တစ်ခုမှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဟန်မိုင်ဇန်လို့ ယုံကြည်ရတဲ့ အမျိုးသမီးဟာ တခြား အမျိုးသမီး ခရီးသည် တစ်ဦးကို ရေတွေနဲ့ ထွေးထုတ်ခဲ့တာကြောင့် ကာယကံရှင်ရော၊ အနီးမှာ ရှိနေတဲ့ သူတွေပါ ဒေါသထွက်နေခဲ့တာကို တွေ့ရပါတယ်။
သတင်းတွေအရ ဟန်မိုင်ဇန်ဟာ ဇန်နဝါရီ ၁၆ ရက်နေ့တုန်းက ချောင်ချူကန် MRT ဘူတာရုံနားမှာ အခုလို စိတ်ပျက်စရာ လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့မှာ တရားရုံးက ဟန်မိုင်ဇန်ရဲ့ စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးဖို့လည်း ညွှန်ကြားထားပြီး ဆေးစစ်ရလဒ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရုံးချိန်းမှာ တင်ပြရမယ်လို့လည်း သိရပါတယ်။
ဗီဒီယိုထဲမှာတော့ အမျိုးသမီးဟာ ပလတ်စတစ် ရေဘူးထဲက ရေကို ငုံပြီး အကြိမ်တချို့လှမ်းထွေးနေတာကြောင့်တခြားခရီးသည်တွေက ရှောင်ဖယ်သွားတာကို တွေ့ခဲ့ရပါတယ်။
စင်ကာပူမှာတော့ အများပြည်သူ အနှောင့်အယှက် ဖြစ်စေမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် စင်ကာပူဒေါ်လာ ၂,၀၀၀ လောက် ဒဏ်ကြေးချမှတ်နိုင်ကြောင်း သိရပါတယ်။
ကိုးကား ၊ ဓာတ်ပုံ – Straits Times

















































