အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန့်ဘလူ ဇီးကုန်းရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးရှိရွာကို ဗုံးကြဲ ၁ ဦးသေ၊ တစ်ဒါဇင်ထက်မနည်း ဒဏ်ရာရ 

ရဲစခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် အနီးရှိ ကျေးရွာကို စစ်တပ်က ယနေ့တွင် လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုရွာကို ယနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) နံနက်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်း တော်လှန်ရေးအင်အားစုများက ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရဲစခန်းကို ရုတ်တရက် စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ငါးရက်အကြာ ဇီးကုန်းမြို့နှင့် ခုနစ်မိုင်ခန့်အကွာ ကျီစုရွာ စာသင်ကျောင်း အနီးနှင့်ကျေးရွာထဲသို့လေကြောင်းမှ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

လေကြောင်းတိုက်ခိုက်မှုအနက် စာသင်ကျောင်းအနီးတစ်ကြိမ်၊ တောင်ဘုန်းကြီးကျောင်းအနီး ကျေးရွာ ထဲသို့တစ်ကြိမ် ဗုံးကြဲချခဲ့ရာ စစ်ရှောင်ပြည်သူများရှိရာ နေရာအနီး ကျရောက်ပေါက်ကွဲပြီး ထိခိုက် ဒဏ်ရာရသူများပြားခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဒေါ်သန်းအေးမှာ ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၇ ဦးအနက် ငါးဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများတွင် ရွာခံများသာမက ခင်ဦးမြို့နယ်မှ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များလည်း ပါဝင်သည်။ 

“ ခင်ဦးနယ်ထဲက ပျဉ်ထောင်ပျူရွာကနေ နေလို့မဖြစ်လို့ စစ်ရှောင်လာတဲ့ သူတွေကလည်း ဒီဘက်မှာ စစ်ရှောင်နေတယ်။ ကျီစုရွာစာသင်ကျောင်းထဲမှာ စစ်ရှောင်ရတာ။ ဗုံးကျတာက စာသင်ကျောင်းနဲ့ မဝေးတဲ့နေရာမှာကျတော့ စစ်ရှောင်တွေကတော့ မှန်ကွဲတွေ အစအနတွေ မှန်တာထိသွားတာပေါ့”ဟု  ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းတာဝန်ခံကပြောသည်။ 

ဗုံးကျရောက်ပေါက်ကွဲသဖြင့် လူနှစ်ရပ်ထက်မနည်းသည့် ကျင်းကြီးဖြစ်သွားသလို  အနီးဝန်းကျင်ရှိ စာသင်ဆောင်နှင့် နေအိမ်အဆောက်အအုံနှစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အိမ်ခြေ ၈၀၀ ကျော်ရှိ ကျီစုရွာကို ၂၀၂၂ အတွင်း စစ်တပ်က နှစ်ကြိမ်တိုင်မီးရှို့မှုကြောင့် အိမ်ခြေ ၇၀၀ နီးပါး ပျက်စီးခဲ့သဖြင့် ဒေသခံများ တစ်နှစ်ကျော်ကြာ စစ်ရှောင်ခဲ့ရပြီး ယမန်နှစ်ကုန်ပိုင်းမှ ဒေသခံများ ရွာထဲပြန်လည်အခြေချနေထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ကျီစုရွာအနီး ရေဦးနယ်၊ အောင်သာယာရွာမှ စစ်တပ်နှင့်ပျူစောထီးများက ဒရုန်းဖြင့်တိုက်ခိုက်မှုများ မကြာခဏလုပ်လေ့ရှိသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အထက်ပါ ပကဖ တာဝန်ခံကပြောသည်။

ဗုံးကြဲမှုကြောင့် ပျက်စီးသွားမှုများကို ဒေသခံများက ကြည့်ရှုနေကြစဉ်။ (ဓာတ်ပုံ- ပေးပို့)

လေကြောင်းတိုက်ခိုက်ခံရသည့် ကျီစုရွာမှာ ဇီးကုန်းမြို့ တောင်ဘက် ခုနစ်မိုင်ခန့်သာ ကွာဝေးပြီး ယခု ရက်ပိုင်းအတွင်း တိုက်ပွဲမရှိသလို စစ်ကြောင်းထိုးလာခြင်းမရှိကြောင်းသိရသည်။

“မြေပြင်တိုက်ပွဲလည်းမရှိဘူး။ ဒီတိုင်းကြီး လာကြဲသွားတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ဇီးကုန်းရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခြေကုပ်ယူနေနိုင်သည်ဟု ယူဆချက်ဖြင့် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ပကဖ သတင်းတာဝန်ခံက ဆိုသည်။ 

“ဇီးကုန်းရဲစခန်းတိုက်ခိုက်မှုမှာ ပါဝင်တဲ့အဖွဲ့တွေ အဲ့ဒီနားဝန်းကျင်အခြေပြုနေတယ်လို့ ယူဆပြီးတော့ တိုက်ခိုက်တယ်လို့မြင်မိတာပေါ့။ တကယ်တမ်းဆိုရင်တော့ ရဲဘော်တွေက ဖြန့်ကျက်ပြီး တော့ အဆင်ပြေတဲ့နေရာတွေမှာ နေကြတယ်လေ။ ထိခိုက်တာတော့ ပြည်သူတွေပဲ ထိခိုက်သွားတယ်”ဟု ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းတာဝန်ခံက ပြောသည်။ 

ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးအင်အားစုများက စီးနင်းတိုက်ခိုက်ခဲ့စဉ် ရဲနှင့်ပြည်သူ့စစ် ခြောက်ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကာ ရဲအရာရှိ နှစ်ဦးအပါအဝင် ခြောက် ဦး ဖမ်းဆီးရမိ ခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင်အမျိုးသမီးနှင့် ကလေးငယ်များအား လိုအပ်သည့် ဆေးဝါးကုသမှုများလုပ်ပေးနေကြောင်း ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ရက်တွင်  ပြည်သူ့စစ် (ပျူစောထီး) အင်အားအများအပြား ဖြည့်တင်းကာ ရဲစခန်းထဲတွင်ပြန်လည် အထိုင်ချတပ်စွဲထားကြောင်း ပကဖ သတင်းတာဝန်ရှိသူက ပြောသည်။ 

ကန့်ဘလူတောင်ဘက်ခြမ်းရှိ တော်လှန်ရေးအင်အားစုများ စုဝေးရာ နေရာ နှစ် ခုကို ယမန်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။ 

ကောလင်း၊ကျွန်းလှ၊ ရေဦး၊ တန့်ဆည်တို့နှင့် ထိစပ်နေသည့် ကန့်ဘလူမြို့နယ်တွင် ကျေးလက်ဒေသများတွင် တော်လှန်ရေးအင်အားစုများနယ်မြေစိုးမိုးမှုအားကောင်းပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။ ကန့်ဘလူမြို့တွင် အမှတ် ၆၀၀၆ တင့်ကား တပ်ရင်းအထိုင်ချထားပြီး သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်သည့် ပျူစောထီး (ပြည်သူ့စစ်) တပ်ဖွဲ့များလည်း လှုပ်ရှားမှုအားကောင်းသည်။ 

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ်အားအကောင်းဆုံးဖြစ်သည့် ကန့်ဘလူဒေသတွင်  ပြည်သူ့စစ် အင်အား အလုံးရင်းသုံးကာ မြေပြင်စစ်ကြောင်းများဆက်တိုက်ထိုးပြီး မြို့အနောက်ဘက်ရှိ ကောလင်း- ကန့်ဘလူ ခရိုင်ချင်းဆက်လမ်းနှင့် မြို့အရှေ့ဘက်တွင် ဖြတ်သန်းသွားသည့် ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရန် စစ်တပ်က ယမန်နှစ် နှစ်ကုန်ပိုင်းကစပြီး ဆက်တိုက် ကြိုးပမ်းနေသည်။ 

ကောလင်း- ကန့်ဘလူခရိုင်ချင်းဆက်လမ်းပေါ်ရှိ အဓိကကျသည့်နေရာများတွင် စစ်တပ်က အထိုင်ချ တပ်စွဲခဲ့ပြီးနောက် ထိုလမ်းပိုင်းကို ပြီးခဲ့သည့်လပိုင်းများတွင် အပြည့်အဝပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ ပြီးနောက် ဗျူဟာလမ်းပိုင်းကိုလည်း တိုးချဲ့ထိုးစစ်ဆင်ကာ နေရာအချို့တွင် တိုးချဲ့ခြေကုပ်ယူထားနိုင်သည်။ 

လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့် စစ်တပ်က ချင်းပြည်နယ် တောင်ပိုင်းရှိ၊ ချင်းတော်လှန်ရေး အင်အားစုများထိန်းချုပ်ထားသည့် မင်းတပ်မြို့ပေါ်ကိုလည်း ယမန်နေ့ (စက်တင်ဘာလ ၂၁ ရက်နေ့)  ည ၉ နာရီကျော်တွင် လေယာဉ် နှစ်စီးဖြင့် ဗုံး လေးလုံးကြဲခဲ့ရာ နေအိမ် ခုနစ်လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက စက်တင်ဘာလဆန်းတွင် ထုတ်ပြန်ထား သည့်အချက်အလက်အရ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်လာပြီး ၂၀၂၅ ဇန်နဝါရီမှ ဩဂုတ်လအထိ ရှစ် လတာ ကာလအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်‌ရေ ၃၃၀၀ ကျော်ပြုလုပ်ခဲ့ရာ ပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့သည်။  

လေကြောင်းတိုက်ခိုက်ခံရသည့် ကန့်ဘလူမြို့နယ်၊ ကျီစုရွာ တည်နေရာပြမြေပုံ ။ 

Related Articles

Back to top button