အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောင်းထိုင်ဘုန်းကြီးကို KIA ဆက်စပ်သံသယဖြင့် စစ်တပ်နှင့် SNA ရိုက်နှက်စစ်ဆေး 

စစ်တပ်နှင့် ရှမ်းနီပူးပေါင်းတပ်များသည် ဆရာတော်၏ကျောင်းတွင် တပ်စွဲရန် အကြိမ်ကြိမ်ခွင့်တောင်းခဲ့ သော်လည်း ဆရာတော်က ခွင့်မပြုခြင်းကြောင့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ အင်ကြင်းကုန်းရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဦးကေသရကို တော်လှန်ရေးတပ်များနှင့် ဆက်စပ်သည်ဆိုကာ စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ် (SNA) က ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးနေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်များထံက သိရသည်။

မေလ ၁၄ ရက် ည ၁၁ နာရီခန့်တွင် ရှမ်းနီအမျိုးသားများတပ်(SNA)သည် မိုးကောင်းမြို့တောင်ဘက် ၂၃ မိုင်ခန့်အကွာရှိ အင်းကြင်းကုန်းရွာအတွင်း ဝင်ရောက်လာခဲ့သည်။ 

ထို့နောက် အင်းကြင်းကုန်းရွာ ဘုန်းကြီးကျောင်းတွင် SNA တပ်က တပ်စွဲရန် ကျောင်းထိုင်ဆရာတော်ထံ ခွင့်တောင်းရာ ခွင့်မပြုသည့်အတွက် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ဆက်စပ်နေသည်ဟုစွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အထက်ပါ မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဆရာတော်ကျောင်းမှာ (SNA) သူတို့ စခန်းချဖို့ နှစ်ကြိမ်၊ သုံးကြိမ်ခွင့်တောင်းတယ်။ ဆရာတော်က လုံးဝခွင့်မပြုဘူး။ မောင်းထုတ်လိုက်တာ သူတို့ပြန်သွားတယ်။​ အဲဒီနေ့ ည ၁၁ လောက်မှာတော့ သူတို့ ကားတွေနဲ့ လာပြီးတော့မှ တံခါးသော့ကို ရိုက်ဖွင့်ပြီးတော့ ဘုန်းကြီးကို ဖမ်းခေါ်သွားတယ်” ဟု အဆိုပါ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ဆရာတော်ကို ဖမ်းဆီးသွားပြီးနောက် SNA တပ်မဟာ(၅၆၅) အခြေစိုက်ထားသည့် မိုးကောင်းမြို့ ကညင်မြိုင်ရွာသို့ ခေါ်ဆောင်သွားသည်။ ယင်းနောက် ဆရာတော်ကို လူဝတ်လဲပြီး မိုးကောင်းမြို့ အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဝင်းအတွင်းတွင် စစ်တပ်က ရိုက်နှက်စစ်ဆေးနေသည်ဟု သိရသည်။

SNA တပ်ဖွဲ့ဝင်များက ဆရာတော်ကို ဖမ်းဆီးစစ်ဆေးစဉ် ဘုန်းကြီးကျောင်းအတွင်း တော်လှန်ရေး ရန်ပုံငွေအဖြစ် ရောင်းချနေသည့် နွေဦးထီလက်မှတ်များ၊ အိုင်ကွန် စကားပြောစက်တစ်လုံးကို သိမ်းဆည်းမိသည်ဟု SNA ကို ထောက်ခံသူအချို့က လူမှုကွန်ရက်တွင် ရေးသားကြသည်။ ထိုအချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

ဆရာတော် ဦးကေသရသည် သက်တော်(၅၄)နှစ်၊ ဝါတော် (၃၄) ဝါရှိပြီး စစ်တပ်ကိုမထောက်ခံ သော်လည်း KIAနှင့် ဆက်စပ်မှုမရှိဟု ဒေသတွင်း KIA မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဆရာတော်က အာဏာမသိမ်းခင် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ NLD ကို မဲပေးကြဖို့ဆိုပြီး ဟောပြောခဲ့ဖူးတယ်။ KIA နဲ့တော့ ဆက်စပ်တာမျိုးမရှိပါဘူး” ဟု အဆိုပါ KIAစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

SNA တပ်သည်  စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်အနည်းငယ်အတွင်း စစ်တပ်နှင့် ပူးပေါင်းခဲ့သည့် အပြင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းအတွင်းရှိ မြို့နယ်အချို့၌ စစ်တပ်နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများ ဖော်ဆောင်နေသည်။

မိုးကောင်းမြို့သည်  SNA အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး ကညင်မြိုင်ရှိ SNAတပ်မဟာ (၅၆၅) ဌာနချုပ်ရှိသည့်အပြင် မိုးကောင်းမြို့နယ် ရွှေဘို- မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အခြားကျေးရွာများတွင်လည်း တပ်ရင်းတပ်ဖွဲ့များစွာ အခြေစိုက်ထားကြသည်။

စစ်တပ်၏ အဓိက စစ်ရေးလှုပ်ရှားမှုများတွင် SNA က ပူးပေါင်းပါဝင်နေပြီး မိုးကောင်းဒေသအတွင်းရှိ ဒေသခံများထံမှ စစ်သားအဓမ္မစုဆောင်းခြင်း၊ အခွန်အခ ကောက်ခံခြင်းနှင့်  မသင်္ကာသူများကို မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button